ယင်းမာပင်မှာ တိုက်ပွဲဖြစ်ပြီး PDF တဦးအပါအဝင် နှစ်ဦးသေ၊ ဒေသခံတသောင်းနီးပါး စစ်ရှောင်ရ

သြဂုတ်၊ ၇
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား မနေ့က တိုက်ပွဲဖြစ်ပွားပြီး ရဲဘော်တဦး ကျဆုံးကာ အရပ်သားတဦး ကျည်ထိမှန်သေဆုံးသလို ဒေသခံတသောင်းဝန်းကျင် စစ်ရှောင်နေရပါတယ်။
 
“ မနေ့ (ဩဂုတ် ၆ ရက်)က စစ်ကောင်စီတပ်တွေက ချင်းတွင်းတံတား အနောက်ဘက်ကို စစ်ကြောင်းထိုးလာတယ်။ သူတို့ (စစ်ကောင်စီတပ်) တက်လာတဲ့အချိန်မှာ ဒီဘက်က ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တယ်။ မျက်နှာချင်းဆိုင် ထိပ်တိုက် Battle ဆိုင်ပြီးတော့လည်း ပစ်ကြတယ်။ စစ်ကောင်စီဘက်ကလည်း အထိအခိုက်အကျအဆုံး ရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ရဲဘော်တယောက် ကျပြီးတော့ အရပ်သားတဦး ထိခိုက်သေဆုံးတယ် ” လို့ ယင်းမာပင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုဇော်ထူးအောင်က DNA ကို ပြောပါတယ်။
 
အဲဒီ နှစ်ဖက်တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်တွေဘက်က ရဲဘော်တဦး ကျဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မစိုးရိမ်ရပေမယ့် စစ်ကောင်စီဘက်က အနည်းဆုံး ၁၅ ယောက်ခန့် ထိခိုက်သေဆုံးနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
 
စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးစာရင်း အတိအကျကိုတော့ DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျည်ထိမှန် သေဆုံးခဲ့ရတဲ့ အရပ်သားဟာ စုန်းချောင်းကျေးရွာက စစ်ဘေးရှောင်အရပ်သားတဦး ဖြစ်တယ်လို့ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
 
ဩဂုတ် ၆ ရက် နံနက် ငါးနာရီဝန်းကျင်က ချင်းတွင်းတံတား (မုံရွာ)ကနေ ယင်းမာပင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကားသုံးစီးနဲ့ ကူးလာခဲ့ပြီးနောက် ရွှေတောင်ဦးဘုရား တောင်ကုန်းအရောက်မှာ ခြေလျင်စစ်ကြောင်းနဲ့ အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ချင်းတွင်းမြစ်အတွင်းကနေလည်း စစ်ကောင်စီတပ်ရဲ့ အမြန်ရေယာဉ်တွေလည်း ဆန်တက်လာခဲ့တယ်လို့ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
 
“ သူတို့ (စစ်ကောင်စီ) အဓိကလာတာက သစ်ကွင်းကနေ သစ်တွေတင်ဖို့ လာတာဖြစ်နိုင်တယ်။ ဘာကြောင့်ဆိုရင် သစ်သယ်လို့ရတဲ့ ဖလက်ခွံတွေ၊ ဘက်ဟိုးတွေ ပါလာတယ် ” လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က ဆိုပါတယ်။
 
ဩဂုတ် ၇ ရက်ဒီကနေ့မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ အင်းအားထပ်ဖြည့်ထားပြီးတော့ မနေ့က စစ်ကြောင်းထိုးခဲ့တဲ့ စုန်းချောင်းကျေးရွာရဲ့ မြောက်ဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ ချင်းတွင်းတံတားအနီးရှိ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် စုန်းချောင်း၊ နဘူးတောနဲ့ ဘန့်ဘွေး အစရှိတဲ့ ကျေးရွာပေါင်း ခြောက်ရွာကျော်က ဒေသခံ တသောင်းဝန်းကျင်ခန့် စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး