သြဂုတ်၊ ၇
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အင်းဇော်ကျေးရွာမှာ စစ်ကောင်စီတပ်အတွက် ရိက္ခာသယ်ယူပြီး ပြန်လာတဲ့ ကားတစီးကို သြဂုတ်လ ၆ ရက် နေ့လယ်ပိုင်းက လိုက်လံပစ်ခတ်ရာ အရပ်သားတဦး မတော်တဆ ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။
” သေတဲ့သူကို စုံစမ်းတော့ စခ (စစ်သား) မဟုတ်ဘဲ ပြည်သူဖြစ်နေတာ သိရတယ်၊ ကားပေါ်က ဆင်းပြေးတဲ့ စခနဲ့ အင်္ကျီအရောင်ကလည်း ဆင်၊ ဘိလိယက်ခုံထဲ ဆယ်ဦးလောက်က မပြေးဘဲ စခနဲ့ အဲ့ပြည်သူတဦးပဲ ပြေးနေကြတော့ ကျွန်တော်တို့လည်း စခပဲထင်နေတာ၊ တကယ်စိတ်မကောင်းဖြစ်ရပါတယ် ” လို့ လောင်းလုံး PDF ပြန်ကြားရေး တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
သေဆုံးသွားသူကတော့ လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာ ဇာတိဖြစ်တဲ့ အသက် ၃၇ နှစ်ခန့်ရှိ ကိုမျိုးဇော်လတ် ဆိုသူဖြစ်ပြီး ဇနီး၊ အသက်နှစ်နှစ်ကျော်အရွယ် သားဖြစ်သူတို့နဲ့အတူ ထားဝယ်မြို့ပေါ်မှာ နေထိုင်သူတဦးဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာအနီးရှိ စစ်ကောင်စီတပ် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနဲ့ စမ်းလှမ်းကျေးရွာက တာဝါတိုင်စခန်း တို့အတွက် ထားဝယ်မြို့ပေါ်ကနေ ရိက္ခာသယ်ယူပြီး ပြန်လာတဲ့ အဲဒီကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အင်းဇောက်ကျေးရွာအနီး ရပ်နားဖို့ တားဆီးခဲ့ပေမယ့် မရပ်ပေးတာကြောင့် လိုက်လံပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
” သတင်းရထားလို့ ထားဝယ်က ရိက္ခာသယ်ပြီး ပြန်အဆင်းကို စောင့်နေခဲ့တာပါ၊ ဆင်းလာတာ သိတာနဲ့ ကားရှေ့ရပ်ပြီး သေနတ်ချိန် ရပ်နားခိုင်းတာကို မရပ်ဘဲ ကားနဲ့ ဝင်တိုက်ပြီး မောင်းပြေးတာ တော်သေးတယ်၊ ရဲဘော်တွေ အရှောင်မြန်လို့၊ ပြီးနောက် ကျွန်တော်တို့ ဆက်လိုက်တာ ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဲဒီလို လိုက်လံပစ်ခတ်စဉ် အင်းဇောက်ကျေးရွာထဲက ဘိလိယက်ခုံရှိတဲ့ နေအိမ်တခုရှေ့မှာ ကားကိုရပ်နားပြီး ကားပေါ်ပါလာသူနှစ်ဦးက နေအိမ်ထဲ ဝင်ပြေးခဲ့တာပါ။
အဲဒီနောက်မှာတော့ အဲဒီလူနှစ်ဦးက ဘိလိယက်ကစားနေသူတွေကို ပြေးကြဖို့ အော်ပြောတာကြောင့် ဘိလိယက် ကစားနေတဲ့ ကိုမျိုးဇော်လတ်က သူတို့နှစ်ဦးနဲ့အတူ လိုက်လံထွက်ပြေးစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မှားယွင်းပစ်ခတ်မှုကို ခံခဲ့ရတာလို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့ ထားဝယ်ဘက်ကနေ ကားနှစ်စီး၊ လောင်းလုံးမြို့မရဲစခန်းကနေ ကားသုံးစီးနဲ့ စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဆယ်လောက် ထွက်လာတာကြောင့် အမြန်ဆုတ်ခွာခဲ့ရတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်းဇောက်ကျေးရွာကို ရောက်ရှိလာခဲ့ပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် ရွာခံတွေကို ဖမ်းခေါ်သွားတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
” ထားဝယ်က ဆင်းလာတာတော့ အရပ်ဝတ်နဲ့ချည်းပဲ၊ လမ်းမှာတွေ့တဲ့ ဆိုင်ကယ်တွေ၊ သုံးဘီးတွေကိုတောင် ဖမ်းထားပြီးစစ်ဆေးသေးတယ်၊ အားလုံးကိုတော့ ပြန်လွှတ်ပေးလိုက်တယ် ” လို့ ဒေသခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ အခုလို မတော်တဆ ပစ်ခတ်ခံရလို့ သေဆုံးသွားတာနဲ့ပတ်သက်ပြိီး လိုအပ်တာတွေ တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အင်းဇောက်ကျေးရွာဟာ လောင်းလုံးမြို့နဲ့ သုံးမိုင်ကျော်အကွာ ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ တည်ရှိပါတယ်။
ဓာတ်ပုံ – LLPDF