သက်ဆင်ရဲ့ ထိုင်းနိုင်ငံ ပြန်လာမယ့် အစီအစဉ် ရက်ရွှေ့ဆိုင်း

သြဂုတ်၊ ၇

ထိုင်းနိုင်ငံ ပြန်လာမယ့် အစီအစဉ်ကို ယာယီ ဆိုင်းငံ့ထားမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက ကြေညာခဲ့ပါတယ်။

မူလက သက်ဆင်ဟာ ၁၅ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်နေမှုကို အဆုံးသတ်ပြီး ဩဂုတ် ၁၀ ရက်ကျရင် ဘန်ကောက်ကို ပြန်လာတော့မယ်လို့ သူ့ရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာက ထုတ်ပြန်ထားပါတယ်။ ပေတွန်တန်ဟာ လောလောဆယ် ထိုင်းနိုင်ငံမှာ အစိုးရသစ် ဦးဆောင်ဖွဲ့စည်းဖို့ ကြိုးစားနေတဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ အကြီးအကဲ ဖြစ်ပါတယ်။

ဩဂုတ် ၅ ရက်မှာတော့ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းက သူဟာ ကျန်းမာရေး စစ်ဆေးမှု ခံယူမယ့် ကိစ္စတွေ ရှိနေသေးတာကြောင့် ဇာတိနိုင်ငံ ပြန်မယ့် အစီအစဉ်ကို သီတင်း ၂ ပတ်လောက် ဆိုင်းငံ့ထားဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ သက်ဆင် အနေနဲ့ PTP ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရသစ် ပေါ်ထွန်းမလာခင် ထိုင်းနိုင်ငံ ပြန်လာဖို့ မဖြစ်နိုင်လောက်ဘူးဆိုတဲ့ ထိုင်းနိုင်ငံရေး သုတေသီတွေရဲ့ သုံးသပ်ချက်ကို မှန်ကန်စေခဲ့ပါတယ်။

သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတဲ့နောက် တရားရေးအရ စွဲချက်တင်မှု မျိုးစုံကို ရှောင်တိမ်းဖို့အတွက် ၂၀၀၈ ခုနှစ် ကတည်းက ထိုင်းနိုင်ငံကို စွန့်ခွာနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ သူနဲ့ တခြား ထိုင်းဝန်ကြီးချုပ်ဟောင်း တဦးလည်းဖြစ်တဲ့ ညီမဖြစ်သူ ယင်လက် ရှီနာဝပ်ထရာတို့ဟာ ကမ္ဘောဒီးယားကို ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ် ဟွန်ဆန်းရဲ့ မွေးနေ့ပါတီကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ယင်လက်ကလည်း ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရသူပါ။

သက်ဆင်ဟာ ပြည်ပမှာ နှစ်ရှည်လများ သွားရောက် ခိုလှုံနေရတဲ့တိုင် လက်ရှိ အချိန်ထိ ထိုင်းနိုင်ငံရေးမှာ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တဦးအနေနဲ့ ဆက်လက် ရပ်တည်နေပါတယ်။

အစောပိုင်းက သက်ဆင်ရဲ့ အပြန်ခရီးစဉ်ဟာ ရက်အပြောင်းအလဲ မရှိနိုင်ဘူးလို့ PTPက မှတ်ချက်ပေးခဲ့ပေမယ့်လည်း သက်ဆင်နဲ့ နီးစပ်သူတွေကတော့ ဝန်ကြီးချုပ်ဟောင်းဟာ အစိုးရသစ် တာဝန်ယူရေးကိစ္စ ချောမွေ့ ညက်ညောစေဖို့အတွက် ထိုင်းနိုင်ငံပြန်မယ့် ခရီးစဉ်ကို ဆိုင်းငံ့ထားတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Ref: Bangkok Post