ရေဦးနယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံ ရှစ်ထောင်ကျော် စစ်ဘေးရှောင်နေရ

သြဂုတ်၊ ၆
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ရှစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
” ရေဦးနယ် အနောက်ခြမ်းက စစ်ရှောင်ပေါင်း ငါးထောင်လောက် မနေ့ကမနက်ကတည်းက ထွက်ပြေးနေကြရတယ်။ဒီ နေ့မနက်လည်း စစ်ရှောင်ပြည်သူ သုံးထောင်ကျော်လောက် ထပ်ပြေးနေရတယ် ” လို့ ရေဦးမြို့နယ်အခြေပြု Pepole’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။
 
အဲဒီ စစ်ကြောင်းကြောင့် ရှော်ဖြူ၊ တင်းတိမ်ရံ၊ ထန်းတော၊ မြို့ကြီး၊ ပေါက်တော၊ ငါးပိခိုး၊ စပ်သီးခိုး၊ အုန်းခြံ၊ အောင်ကလေး၊ မကျည်းနီ၊ ဆိတ်သင်းဘိုး၊ ရွာမိသာ၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ မုတ်စီ၊ ကုန်းတန်း၊ ကုန်းကြီး၊ နောကုန်း၊ ဇဝ နဲ့ ငြတ္တုံ စတဲ့ကျေးရွာပေါင်း နှစ်ဆယ်ကျော်က ဒေသခံရှစ်ထောင်ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
 
စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၇၀၈) နဲ့ (၇၀၂) မှပူးပေါင်းအင်အား တရာကျော်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ သြဂုတ်လ ၅ ရက်မနက် ၅ နာရီခန့်မှာ တင်းတိမ်ရံရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြည်သူ့နေအိမ်တွေနဲ့ တင်းတိမ်ရံဈေး ဆိုင်ထဲက ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ သိရပါတယ်။
 
“ မနေ့က မနက် ဒီပဲယင်းကနေ ရေဦးနယ် အနောက်ခြမ်းကို ဝင်လာတယ်၊ အဲ့နေ့မနက်တည်းက ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်နေရတယ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဝင်လာတယ်၊ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိသေးပါဘူး၊ အဲ့ဒီစစ်ခွေးတွေက တင်းတိမ်ရံရွာအတွင်းက နေအိမ်တွေကို တအိမ်တက်တအိမ်ဆင်းပြီး ပစ္စည်းတွေကို မွှေနှောက်ယူသွားတယ် “ လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။
 
အဲဒီ စစ်ကြောင်းဟာ တင်းတိမ်ရံရွာက ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူကာ မနေ့က ညနေပိုင်းမှာ ဒီပဲယင်းမှာရှိတဲ့ သူတို့တပ်စခန်းကို ပို့ဆောင်လိုက်ပြီး ဘာပစ္စည်းတွေ ပါသွားလဲဆိုတာတော့ အသေးစိတ်မသိရသေးဘူးလို့ ကိုထူးခန့်ဇော်က ဆိုပါတယ်။
 
လက်ရှိ အဲဒီစစ်ကောင်စီတပ်တွေဟာ ရေဦးနဲ့ တမိုင်ကျော်သာ ဝေးတဲ့ ထန်းတောရွာကို ပြန်လည်ရောက်ရှိနေပြီး ရေဦးနယ်ကို စစ်ကြောင်းပြန်ထိုးလာနိုင်တယ်လို့လည်း ကိုထူးခန့်ဇော်က ဖြည့်စွက်ပြောကြားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်တုန်းက လည်း ခမရ (၃၆၈) မှစစ်ကြောင်းဟာ တင်းတိမ်ရံရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၁၅ လုံးနဲ့ တင်းတိမ်ရံဈေး ထဲက ဈေးဆိုင်ခန်း၂၄၆ ခန်း မီးရှို့ခံထားရပါသေးတယ်။
 
ရေဦးမြို့ပေါ်မှာ စစ်ဆေးဖမ်းဆီးမှုတွေ များတာကြောင့် တင်းတိမ်ရံနဲ့ အနီးတဝိုက်ရွာဒေသခံတွေဟာ တင်းတိမ်ရံဈေးကို အားထားပြီး ရောင်းဝယ်နေကြရကာ အဲဒီစျေးဟာ ရေဦးမြို့မဈေးပြီးရင် အကြီးဆုံးဈေးတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CJ (ပုံဟောင်း)​