ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့ကို စစ်ကောင်စီတပ် ပိတ်ဆို့ထားတာ တလကျော်ကြာမြင့်လာ

သြဂုတ်၊ ၆
 
ကရင်နီ (ကယား)ပြည်နယ်၊ ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့က မြို့ခံတွေကို စစ်ကောင်စီတပ်က ဇွန်လကုန်လောက်ကတည်းက မြို့ပြင်ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတာကြောင့် မြို့ခံသုံးရာကျော် ပိတ်မိနေတယ်လို့ ကရင်နီတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
 
” စစ်ကောင်စီက ထွက်ခွင့်မပေးတဲ့အတွက်မို့ မြို့ထဲမှာပဲ ပိတ်မိနေတယ်၊ စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရှိဘဲ သွားလာလို့ မရတဲ့ဟာတွေ ရှိတယ်၊ တနည်းအားဖြင့် ပြောရရင်တော့ လူသားဒိုင်း ပုံစံမျိုးနဲ့ တရွာလုံးကို ဓားစာခံ ထားထားတဲ့ ပုံစံဖြစ်နေပါတယ် ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထူထောင်သူ ကိုဗညားက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်က ဇွန်လအကုန်လောက်မှာ အင်အားဖြည့်တင်းပြီး မြို့ကို ဝင်ရောက်စီးနင်းတဲ့အချိန် မြို့ခံတချို့က ထွက်ပြေးနိုင်ခဲ့ပေမယ့် တချို့က ကျန်နေခဲ့တာကို ဆက်လက်ပိတ်ဆို့ထားတာလို့လည်း သိရပါတယ်။
 
လက်ရှိမှာတော့ ရွာသစ်မြို့ရဲ့ ပတ်ပတ်လည်မှာ စစ်ကောင်စီတပ်က နေရာယူထားပြီး ဘုန်းကြီးကျောင်းမှာလည်း မြို့ခံတချို့ကို ဖမ်းဆီးထားတာ ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘက်က ပြောပေမယ့် အရေအတွက် တိတိကျကျ မသိရသေးပါဘူး။
 
” တိုက်ပွဲကတော့ မြို့နားမှာ ကြိုကြားကြိုကြားဖြစ်နေတယ်၊ စစ်တပ်က မြို့အဝင်မှာရော ပတ်ပတ်လည်မှာရော နေရာယူထားတာ။ မြို့ခံတွေကို ဘုန်းကြီးကျောင်းမှာ ဖမ်းထားတာလည်း ရှိတယ် ” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ခံတွေကို အခုလို ပိတ်ဆို့ထားတဲ့အပြင် မြို့ခံတွေရဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်းထားပြီး ပြင်ပနဲ့ အဆက်အသွယ်မရအောင် ဖြတ်တောက်ထားတယ်လို့လည်း ကိုဗညားက ပြောပါတယ်။
 
” ဖုန်းလိုင်းကတော့ စစ်ကောင်စီလက်ထဲ ရောက်သွားပြီလေ၊ အရင်တုန်းကတော့ အဲ့မှာ တာဝါတိုင်တခုရှိတယ်။ အခုနောက်ပိုင်း အဲဒါကို စစ်ကောင်စီက လုံးဝထိန်းချုပ်ထားတယ်၊ ရွာသားတွေကို ဖုန်းဆက်လို့ လုံးဝမရဘူး၊ ရလည်း ဖုန်းဆက်လိုက်တာနဲ့ သူတို့က ဘယ်သူဆက်လဲ ဘာရည်ရွယ်ချက်နဲ့ဆက်လဲဆိုပြီး သူတို့ခွင့်ပြုချက်ရှိမှ ဖုန်းလက်ခံ၊ ဖုန်းပြောခွင့်ရှိပါတယ်။ ဖုန်းကို သူတို့ အကုန်လုံးသိမ်းထားပါတယ် ” လို့ ကိုဗညားက ဆက်ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်က အခုလို ပိတ်ဆို့ထားတာကြောင့် မြို့ခံတွေ စားနပ်ရိက္ခာပြတ်တောက်သွားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့လည်း သိရပါတယ်။
 
” စစ်ရှောင်တွေအတွက်ဆိုပြီး ကျနော်တို့ပေးထားတာလေးတွေ (ရိက္ခာ) အဲ့မှာ ကျန်ခဲ့တာရှိတယ်၊ နောက်ပြီးတော့ တချို့ရွာခံတွေ နည်းနည်းပါးပါး ဝယ်စုထားတယ်ရှိတယ်၊ အဲဒီဟာနဲ့ပဲ စားနေတယ်လို့ ပြောလို့ရတယ်၊ နောက်ပိုင်းကျတော့ စားနပ်ရိက္ခာ ပြတ်တောက်နိုင်တဲ့ အန္တရာယ် အများကြီးရှိပါတယ် ” လို့ ကိုဗညားက DNA ကို ပြောပါတယ်။
 
ကရင်နီတော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီဟာ မြို့ခံတွေကို အခုလို ပိတ်ဆို့ထားတာဟာ ကာကွယ်ရေးတပ်တွေ တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် ဓားစာခံအနေနဲ့ ထားထားတာလို့ ပြောပါတယ်။
 
အရင်က လူဦးရေ တထောင့်သုံးရာကျော်လောက် နေထိုင်တဲ့ ရွာသစ်မြို့ဟာ ဘော်လခဲမြို့နဲ့ မိုင်နှစ်ဆယ်လောက်အကွာ သံလွင်မြစ် အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။
 
ဓာတ်ပုံ – CJ