နှစ်သောင်းတန် လက်ဝယ်တွေ့ရှိသူ အရေးယူမယ်လို့ သရက်ချောင်း ပကဖ ကြေညာ

သြဂုတ် ၊ ၆

စစ်ကောင်စီက အသစ်ထုတ်ဝေထားတဲ့ နှစ်သောင်းတန်ငွေစက္ကူကို လက်ဝယ်ကိုင်ဆောင်တာ၊ အသုံးပြုတာကို စစ်ဆေးတွေ့ရှိပါက အပြစ်ပေး အရေးယူမယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ပကဖ အဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆယ်ဖွဲ့က ပူးတွဲထုတ်ပြန်ထားပါတယ်။

‘’အရေးယူမှုဆိုတာကတော့ အများကြီးထိခိုက်နစ်နာစေတဲ့ အရေးယူမှုကတော့ မရှိဘူးဗျ၊ ငွေကိုတော့ ကျနော်တို့ သိမ်းဆည်းမယ်၊ ပထမတကြိမ်မှာတော့ ကျနော်တို့ ဒါကို သတိပေးတဲ့ဟာမျိုး၊ အဆင့်လိုက် အဆင့်လိုက်ပေါ့နော် ပထမတခါ၊ ဒုတိယတခါ၊ တတိယတခါ ဒီလိုမျိုး သတိပေးအရေးယူမှုတွေ လုပ်ပြီးတော့သွားမယ်ဗျ’’ လို့ သရက်ချောင်း ပကဖ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

ဒါပေမယ့် အရေးယူမှုဘယ်လိုလုပ်မယ်ဆိုတာတော့ တိတိကျကျပြောကြားတာမရှိပါဘူး။

ထားဝယ်ခရိုင်အတွင်း မြိတ်-ထားဝယ် ကားလမ်းမတလျှောက်နဲ့ ကျေးရွာတွေအတွင်း အဲဒီ နှစ်သောင်းတန် အသုံးပြုမှု ရှိ၊မရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေ စစ်ဆေးသွားမှာဖြစ်ပြီး  လက်ဝယ်ကိုင်ဆောင်တာကို တွေ့ရှိပါက သိမ်းဆည်းသွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အခုလို နှစ်သောင်းတန် သုံးစွဲတဲ့အပေါ် အရေးယူမှုတွေလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG )အက  ညွှန်ကြားထားတာမရှိသေးပေမယ့် ပြည်သူတွေအတွက် ထိခိုက်နိုင်လာတဲ့အရာဖြစ်လို့ အခုလို လုပ်ရတာလို့လည်း သူက ပြောပါတယ်။

“အများပြည်သူတွေအတွက် ထိခိုက်နစ်နာလာစေမယ့် အရာကို မဖြစ်လာအောင် ကျနော်တို့ဘက်က လုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်ရှိပါတယ်” လို့ အထက်ပါ ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးက ထူထောင်ထားတဲ့ ကြားကာလ ဗဟိုဘဏ်ကတော့ စစ်ကောင်စီကထုတ်ဝေတဲ့ နှစ်သောင်းတန်ကို တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း ကြေညာထားပေမယ့်  သုံးစွဲသူတွေကို အရေးယူတာတွေလုပ်မယ်လို့တော့ မပြောထားသေးပါဘူး။

ဒေသခံချို့ကတော့ အခုလို နှစ်သောင်းတန်ငွေစက္ကူကို သုံးစွဲမှာမဟုတ်ပေမယ့် လက်ဝယ်တွေ့ရှိတဲ့အချိန် သိမ်းဆည်းခံရမှာ၊ အရေးယူခံရမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။

“နှစ်သောင်းတန်ကိုတော့ သုံးလည်းမသုံးချင်ပါဘူး။ဒါပေမယ့် ကိုယ့်လက်ထဲရောက်လာလို့ သူတို့စစ်တာနဲ့တွေ့ပြိီး သိမ်းသွားမှာမျိုးတော့ စိတ်ပူတာပေါ့။ ဥပမာ ညီတွေ ၊အစ်ကိုတွေပဲ ပေးပေး ၊လင်တွေ သားတွေပဲ ပေးပေးပေါ့(ထိုင်းကနေ)။ ပိုက်ဆံက အခြားကလာမှာ နှစ်သောင်းတန်လည်း ပါချင်ပါမှာပေါ့ ။နှစ်သောင်းတန်လည်း ထုတ်ထားတယ်ဆိုတော့၊ အဲကျ ဘယ်လိုလုပ်မလဲ၊  မယူဘူးပြောလို့လည်း ဘယ်ရမလဲ၊ ကိုယ့်မှာ ပိုက်ဆံမရှိဘဲ နေလို့မှမရဘဲ” လို့ သရက်ချောင်းဒေသခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကတော့  အာဏာသိမ်းစစ်ခေါင်းဆောင်တည်ထားတဲ့ မာရဝိဇယရုပ်ပွားတော် တည်ဆောက်ပြီးစီးတာနဲ့ ဆင်ဖြူတော်လို့ သတ်မှတ်ထားတဲ့ ရဠနန္ဒဆင် မွေးတာ တနှစ်မြောက်အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၃၁ ရက်ကစပြီး နှစ်သောင်းကျပ်တန်ငွေစက္ကူတွေ ထုတ်ဝေခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ နှစ်သောင်းတန် ငွေစက္ကူတွေကို အထိမ်းအမှတ် ငွေကြေးအနေနဲ့ အကန့်အသတ်နဲ့သာ ထုတ်ဝေမယ်လို့ ပြောဆိုထားပေမယ့် အဲဒီပြောဆိုမှုအပေါ် ပြည်သူတွေက သံသယရှိနေပါတယ်။

စစ်ကောင်စီက အသစ်ထုတ်ဝေတဲ့ နှစ်သောင်းတန်ငွေစက္ကူသုံးစွဲရင် အရေးယူမယ်လို့စစ်ကိုင်းတိုင်း၊ ရေဦး ကလေးနဲ့ ပုလဲမြို့နယ်တွေက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကလည်း မကြာသေးခင်က DNA သတင်းဌာနကို ပြောထားပါသေးတယ်။