အာဏာသိမ်းကာလတလျှောက် အမျိုးသမီးပေါင်း ၃၆၀၀ ကျော်ဖမ်းဆီးခံရပြီး ၆၀၀ နီးပါးသေဆုံး

သြဂုတ် ၊ ၆

ပြည်တွင်းမှာ စစ်အာဏာသိမ်းထားတဲ့ ကာလတလျောက် စစ်ကောင်စီကပုံစံမျိုးစုံနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့အမျိုးသမီးအရေအတွက် ၃၆၄၇ ယောက်အထိရှိနေပြီး စစ်တပ်ရဲ့ပစ်ခတ်ဖမ်းဆီးမှုတွေကြားမှာအမျိုးသမီးပေါင်း ၅၉၀ အထိ သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက မနေ့ ဩဂုတ် ၅ရက်က ထုတ်ပြန်ထားပါတယ်။ 

 အမျိုးသမီးတွေ သေဆုံးမှုထဲမှာဆိုရင် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြားသေဆုံးမှုတွေရှိသလို လေကြောင်းတိုက်ခိုက်မှုတွေကြား သေဆုံးရတာတွေလည်းရှိနေပြီး တချို့အမျိုးသမီးတွေကတော့ စစ်ကောင်စီက သတ်ဖြတ်မီးရှို့မှုတွေကြောင့် သေဆုံးရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 ဒါ့အပြင် စစ်ကောင်စီက အမျိုးသမီးတွေအပေါ် ဖမ်းဆီးမှုတွေနဲ့ သေဆုံးမှုတွေဟာ ပိုပြီးများလာပြီးပြီးခဲ့တဲ့ ဇူလိုင်တလတည်းမှာတင် အမျိုးသမီး ၁၉ ဦးဖမ်းဆီးခံခဲ့ရပြီး ၂၁ ဦးအထိသေဆုံးခဲ့သလို ဖမ်းဆီးထားသူတွေထဲကအမျိုးသမီး ၂၂ ဦးကတော့  စစ်ကောင်စီရဲ့ တဖက်သတ်ထောင်ဒဏ်ချတာခံခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ တချို့သောအမျိုးသမီးတွေကတော့အကြောင်းပြချက်ကို အတည်ပြုမရဘဲ ဖမ်းဆီးခံရတာရှိသလို အမျိုးသမီးတချို့ကိုတော့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွေမှာ ပါဝင်တဲ့စွပ်စွဲချက်တွေနဲ့ လူမှုကွန်ရက်ပေါ်မှာရေးသားမှုတွေကြောင့် ဖမ်းဆီးတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့  ဇွန် ၂၁ ရက်မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်မှာပါဝင်ခဲ့တဲ့  နိုင်ငံတဝန်းကအမျိုးသမီးတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို

လမ်းပေါ်မှာ ပန်းစည်းကိုင်ဆောင်ထားတဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးမှုတွေရှိခဲ့ပြီး အမျိုးသမီး အယောက် ၃၀ထက်မနည်း တနေ့ တည်းဖမ်းဆီးခံခဲ့ရပါတယ်။

 အမျိုးသမီးတွေဖမ်းဆီးထောင်ချခံရတာတွေနဲ့ သေဆုံးတဲ့ဖြစ်စဉ်တွေကိုတော့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ထုတ်ပြန်ချက်တွေကို မှီငြမ်းပြီး မြန်မာ့အမျိုးသမီးသမဂ္ဂကထုတ်ပြန်ထားတာဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်တယ်လို့လည်းဆိုထားပါတယ်။