သြဂုတ် ၊ ၅
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသားရှစ်ဦးကို ထောင်အာဏပိုင်တွေကထောင်ပုံစံထိုင်တာနဲ့ ပက်သက်ပြီး မလိုက်နာလို့ဆိုကာရိုက်နှက်ပြီးတိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများ ကွန်ရက်က ကိုသိုက်ထွန်းဦးကDNAကိုပြောပါတယ်။
“ထောင်ပိုင်ဝင်လာတဲ့အချိန် ရှေ့ကြည့်လို့အော်လိုက်တာ၊အဲ့တယောက်ကမကြားလိုက်တော့မလုပ်မိဘူး၊ ဒါကို ထောင်ပိုင်လေးကမြင်သွားတဲ့အခါမှာခိုင်းတာမလုပ်လို့ ဝိုင်းရိုက်ပြီး တိုက်ပိတ်လိုက်တယ်၊နောက်ထပ် ခုနှစ်ဦးက ကျတော့ ဒါကိုရှင်းပြတယ်၊သူမကြားလို့ မလုပ်တာပေါ့၊သူ့ကို ပြန်လွှတ်ပေးဖို့ တင်ပြတာကို သူတို့ပါရိုက်ပြီး တိုက် ပိတ်လိုက်တယ် ” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့လ ဇူလိုင် ၂၅ရက်မှာ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေ ထားရှိတဲ့အဆောင်ကို ဝင်ရောက်စစ် ဆေးချိန်နိုင်ငံရေးအကျဉ်းသား တဦးဖြစ်တဲ့ ကိုဖြိုးအောင်(ခ) ကိုဖြိုးဆိုသူကို ထောင်ပုံစံထိုင်တာ မှားယွင်းတယ် ဆိုကာခေါ်ယူရိုက်နှက်ပြီး တိုက်ပိတ်ခဲ့တာပါ။
အဲဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး ကိုအောင်ပိုင်(ခ) ဖိုးကဲ နဲ့ ကိုအောင် ပိုင်သူ(ခ) မိုးညိုတို့ နှစ်ဦးအပါအဝင်တခြား နိုင်ငံ ရေးအကျဉ်းသားတွေကအခြေအနေမှန်ကို ရှင်းပြဖို့ကြိုးစားခဲ့ပေမယ့် သူတို့ကိုပါရိုက်နှက်ပြီး တိုက်ပိတ်လိုက်တာ လို့ဆိုပါတယ်။
ကိုဖြိုးအောင်ဖြစ်စဉ်နဲ့ပတ်သက်လို့ အာဏာပိုင်တွေကို တင်ပြခဲ့တဲ့ နိုင်ကျဉ်း ခုနှစ်ဦးကို တိုက်ပိတ်ထားတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဘာကြောင့် ပိတ်တယ်ဆိုတာ ရှင်းပြပြောဆိုတာမရှိဘူးလို့ သိရပါတယ်။
တိုက်ပိတ်ခံထားရသူ ရှစ်ဦးအနက် ကိုဖြိုးအောင်၊ ကိုအောင်ပိုင်၊ ကိုအောင်ပိုင်သူတို့ဟာ စစ်ခုံရုံးကနေ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ထောင်ဒဏ် တသက်ချမှတ်ခံထားရသူတွေဖြစ်သလို ကျန်သူတွေနဲ့ ပက်သက် ပြီး ဆက်လက် စုံစမ်းဆဲဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။
တိုက်ပိတ်ခံထားရသူတွေထဲက ကိုအောင်ပိုင်သူ(ခ) ဖိုးကဲ ဆိုသူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီဝင် ရန်ကုန်တိုင်း မြောက်ဥက္ကာလာပမြို့နယ် လူငယ်တာဝန်ခံတဦးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒိုက်ဦး အကျဉ်းထောင် အာဏာပိုင်တွေက တိုက်ပိတ်ထားတဲ့ နိုင်ငံရေး အကျဉ်းသား ရှစ်ဦးလုံးကို ထောင်အတွင်း ပါဆယ်ပို့ခွင့်လည်း ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်အက် ဥပဒေနဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေတွေအရ အကျဉ်းသားတွေကို အကြောင်းမဲ့ ရိုက်နှက် ခွင့်မရှိသလို အပြစ်ပေးမယ်ဆိုရင်လည်း ပြစ်ဒဏ်မှတ်တမ်းစာအုပ်နဲ့ ထောင်ပိုင်တဦးကသာ အပြစ်ပေးခွင့်ရှိ တယ် လို့ လုံခြုံရေး အရအမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။
“ လက်ရှိ ကာလမှာ အကျဉ်းထောင်ဥပဒေတွေက ဥပဒေအတိုင်းပဲရှိပြီးတော့ တကယ်လက်တွေ့ဆောင်ရွက်တဲ့ အခါမှာ ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့ ဖြစ်စဉ်တွေက ရှိနေသေးတာပေါ့” လို့ သူကဆိုပါတယ်။
ဒိုက်ဦးအကျဉ်းထောင်ဟာ ဒီဖြစ်စဉ်မတိုင်မီကလည်း ထောင်ပြောင်းရွှေ့မယ်လို့ဆိုကာ ခေါ်ထုတ်သွားတဲ့နိုင်ငံရေး အကျဉ်းသားတွေ သေဆုံးပြီလို့ မိသားစုဝင်တွေဆီ ဆက်တိုက်အကြောင်းကြားတာမျိုးတွေရှိနေတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတာပါ။
အဲ့ဒီထောင်မှာအကျဉ်းချခံထားရတဲ့ နိုင်ငံသားရေးအကျဉ်းသားသုံးဆယ်ကျော်ကို ထောင်အာဏာပိုင်တွေက ပြီး ခဲ့တဲ့ ဇွန်လ ၂၇ရက်မှာ ထောင်ပြောင်းရွှေ့မယ်လို့ဆိုကာခေါ်ထုတ်သွားပြီးနောက် လက်ရှိအချိန်အထိ သေဆုံးပြီ လို့အကြောင်းကြားခံထားရသူ ၁၂ဦးအထိရှိပြီး ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့အခြေအနေကိုလည်း ရှင်းရှင်း လင်းလင်းမသိရသေးပါဘူး။
အကြောင်းကြားခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကိုတော့ ထောင်အာဏာပိုင်တွေက အကျဉ်းထောင်ပြောင်းရွေ့ချိန်ကားမှောက်ရာက ထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတာလို့ အကြောင်းပြချက်ပေးထားပါတယ်။