PDFအယောင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ပစ်ခတ်မှုဖြစ်ပြီး ရေစကြိုပကဖ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

သြဂုတ် ၊ ၅

မကွေးတိုင်း၊ရေစကြိုမြို့နယ်မှာ စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယူနီဖောင်းတွေဝတ်ကာ အယောင် ဆောင်စစ်ကြောင်းထိုးခဲ့ပြီး အဲ့ဒီစစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပကဖ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးသွားတယ်လို့ မြို့ နယ် ပကဖ တာဝန်ခံ ကိုဝေကြီးက DNAကိုပြောပါတယ်။

“ယူနီဖောင်းတွေနဲ့ဆိုတော့ ကိုယ့်လူတွေမှတ်ပြီး မပစ်ဘဲထားတာ၊အနီးကပ်ရောက်မှ လက်နက်တွေ ကြည့်လိုက် တော့ခွေးလက်နက်တွေဖြစ်နေတဲ့အခါသူပစ်ကိုယ်ပစ် ပစ်ကြတာပေါ့၊ကျွန်တော်တို့ ရဲဘော်နှစ်ယောက်အဲ့ဒီမှာ မှောက်ကျန်နေခဲ့တယ်၊တယောက်ကတော့ ဒဏ်ရာနဲ့ ဆုတ်လာတာပေါ့၊သူတို့(စစ်ကောင်စီ)လည်း ထိခိုက်မှုရှိ တယ်” လို့ သူကပြောပါတယ်။

ရေစကြိုမြို့နယ် မြောက်ခြမ်း မြေဖြူကျေးရွာကနေထွက်လာတဲ့ အင်အားငါးဆယ်ဝန်းကျင်ပါ စစ်ကောင်စီစစ် ကြောင်းဟာ မနေ့က မနက် ခြောက်နာရီလောက်က သပြေပင်ရွာကို မြို့နယ် ပကဖ ယူနီဖောင်းတွေဝတ်ပြီး PDF အယောင်ဆောင်ကာ ရောက်နေခဲ့တာလို့ ဆိုပါတယ်။

“ပြည်သူတွေကိုကျွန်တော်တို့အဖွဲ့ကပါဆိုပြောဝင်လာတာ၊ ပြည်သူကလည်းကျွန်တော်တို့အဖွဲ့ဆိုတော့ ဒီအတိုင်း နေကြတာပေါ့ဗျ၊ကျွန်တော်တို့ရဲဘော်တွေက သတင်းကလည်း မရဘူးဖြစ်နေတယ်”လို့ ကိုဝေကြီးကပြောပါတယ်။

ကျဆုံးသွားသူနှစ်ဦးအပါအဝင် ပကဖအဖွဲ့ဝင်သုံးဦးဟာစစ်ကြောင်းထွက်လာတယ်ဆိုတဲ့သတင်းအရ မိုင်းဆွဲတိုက် ခိုက်ဖို့ မိုင်းဆင်ထားတဲ့ ပွိုင့်ကိုသွားပေမယ့် PDFယူနီဖောင်းတွေနဲ့ အယောင်ဆောင်ထားတဲ့ စစ်ကောင်စီက ကြို ရောက်နေတာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ထွက်လာတဲ့ သတင်းတော့ သိလိုက်တယ်၊ယူနီဖောင်းဝတ်ထားတော့ မသိလိုက်တာ၊ ဒါပထမဆုံးသူတို့လုပ် လာတာပေါ့”လို့ ကိုဝေကြီးက ပြောပါတယ်။

အဲ့ဒီလို နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြောင့် ရေစကြို ပကဖ အဖွဲ့ဝင်တွေဖြစ်တဲ့ ရဲဘော်အယ်ဖာနဲ့ ရဲဘော်စေ တန်တို့ ကျဆုံးခဲ့သလိုနောက်တဦးတော့ လွတ်မြောက်လာပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာ ရထားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့က သပြေပင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက အနီးနား ကျေးရွာပတ်ပတ် လည်ကို လက်နက်ကြီး ဆယ်လုံးထက်မနည်း ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ထုတ်ပြန်ချက်မှာ ဖော်ပြ ထား ပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဆက်ရှိနေတဲ့ သပြေပင်ကျေးရွာထဲကိုမနေ့ကနေ့လယ်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက လက်လုပ်လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သေးတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက ရေစကြိုမြို့ပေါ်က အထိုင်စခန်းကို ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်တဲ့ အတွက် နေရပ်ကနေတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေ နေရပ်ပြန်နေကြပြီလို့ ကိုဝေကြီးကပြောပါတယ်။

ဒါ့အပြင် မနေ့က ညနေပိုင်းကလည်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ တပ်တွင်းကို ဒရုန်းနဲ့ ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့ပြီး ဘားတိုက်တလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။