ရုရှားစစ်သင်္ဘောကို ရေပြင်သွား ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး ထိခိုက်ပျက်စီးစေခဲ့ကြောင်း ယူကရိန်း ထုတ်ပြန်

သြဂုတ်၊ ၅

ပင်လယ်နက်ထဲမှာ ရုရှားရေတပ် သင်္ဘောတစီးကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်အောင် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းက ထုတ်ပြန်ပါတယ်။

ရုရှားရဲ့ ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ နိုဗိုရော့စီယက်စ်ခ်နားမှာ အခု တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာပါ။ အဲဒီဆိပ်ကမ်းဟာ ရုရှားရဲ့ ပို့ကုန်ဆိုင်ရာ အဓိက အချက်အခြာ အခြေခံ အဆောက်အအုံ တခုလည်း ဖြစ်ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရေတပ်စခန်း တခုကို ယူကရိန်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့ကြောင်း ကြေညာပါတယ်။ ယူကရိန်းဟာ ပင်လယ်ပြင်သွား ဒရုန်းနှစ်စီးကို အဲဒီ တိုက်ခိုက်မှုမှာ ထုတ်သုံးခဲ့ကြောင်း ရုရှားက မှတ်ချက်ပေးခဲ့ပြီး စစ်သင်္ဘော ထိခိုက်ပျက်စီးတယ် ဆိုတဲ့ ကိစ္စကိုတော့ ထုတ်ဝန်မခံခဲ့ပါဘူး။

ဒါပေမဲ့ ယူကရိန်း လုံခြုံရေး တပ်ဖွဲ့တွေကတော့ ရုရှားရဲ့ ကမ်းတက် စစ်ရေယာဉ် Olenegorsky Gornyakဟာ ဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ကိုယ်ထည်မှာ ကြီးကြီးမားမား ပေါက်ပြဲမှု ဖြစ်သွားခဲ့တယ်လို့ ကြေညာပါတယ်။

ယူကရိန်းဟာ ၄၅၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဒိုင်းနမိုက်တွေ တင်ဆောင်သွားတဲ့ ဒရုန်းရေယာဉ် တစီးကို အသုံးပြုပြီး ရုရှား စစ်သင်္ဘောကို တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။ 

ယူကရိန်းရဲ့ ပင်လယ်ပြင်သွား ဒရုန်းတွေဟာ သေးငယ် ကျစ်လစ်ပြီး ရေစူးခပ်တိမ်တိမ် ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။ အဲဒီ မောင်းသူမဲ့ ရေယာဉ်တွေဟာ အသံတိတ် ခပ်မြန်မြန် ခုတ်မောင်းနိုင်ပြီး ပစ်မှတ်ကို ဝင်တိုက်ပြီး ပေါက်ကွဲစေတာ ဖြစ်ပါတယ်။

ယူကရိန်းဟာ အဲဒီလို ဒရုန်းမျိုးတွေကို ရုရှား ရေတပ် စစ်သင်္ဘောတွေဆီ ပစ်မှတ်ထား တိုက်ခိုက်တာတွေ မနှစ်ကတည်းက လုပ်ဆောင်ခဲ့ပါတယ်။ နိုဗိုရော့စီယက်စ်ခ်ဟာ ရုရှားအတွက် အရေးပါတဲ့ ကုန်သွယ် ဆိပ်ကမ်းတခု ဖြစ်ရုံသာ မကဘဲ မဟာဗျူဟာကျတဲ့ ပင်လယ်နက် ရေတပ်စခန်း တခု တည်ဆောက်ထားရာ နေရာလည်းဖြစ်ကြောင်း သိရပါတယ်။