ဟောမုဇ်ကို ဖြတ်သန်းတဲ့ အရပ်ဖက် ရေယာဉ်တွေပေါ်မှာ စစ်သည်တွေ ထည့်ပေးဖို့ အမေရိကန် စဉ်းစားနေ

သြဂုတ်၊ ၅

အီရန်ရဲ့ ရန်လိုမှုတွေကို တုံ့ပြန်ဖို့အတွက် အမေရိကန် စစ်တပ်ဟာ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ အရပ်ဖက် ကုန်သွယ် သင်္ဘောတွေပေါ်မှာ လက်နက်ကိုင် အစောင့်တပ်တွေကို ထည့်ပေးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

 အီရန်ဟာ နိုင်ငံရဲ့ ရေပိုင်နက် အလွန်နားမှာရှိတဲ့ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ အမေရိကန် ရေနံတင် သင်္ဘောတွေနဲ့ တခြား အရပ်ဖက် ရေယာဉ်တွေကို စီးနင်းဖို့ ကြိုးစားခဲ့ကြောင်း အမေရိကန်က စွပ်စွဲထားပါတယ်။ အီရန် ရေတပ်နဲ့ ကမ်းခြေစောင့် တပ်တွေဟာ အရင်ကလည်း အမေရိကန် အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား ရန်လိုတာမျိုးတွေ ရှိခဲ့ပါတယ်။

 ဒီလို အခြေအနေကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်ဟာ ဟောမုဇ် ရေလက်ကြားနဲ့ ပါရှန်း ပင်လယ်ကွေ့ ဒေသတဝိုက်မှာ ရေတပ်နဲ့ လေတပ် အင်အားကို ပိုမို ဖြည့်တင်းထားပါတယ်။ အခုအခါမှာတော့ ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေပေါ် လက်နက်ကိုင် အစောင့်တပ်ဖွဲ့တွေ တင်ပေးလိုက်ဖို့ကိုပါ အလေးအနက် စဉ်းစားနေကြောင်း အမေရိကန် အာဏာပိုင် တချို့က AP သတင်းဌာနဆီ အတည်ပြု ပြောကြားခဲ့ပါတယ်။

 ဟောမုဇ် ရေလက်ကြားဟာ ပါရှန်းပင်လယ်ကွေ့နဲ့ ဆက်စပ်ပြီး ခပ်ကျဉ်းကျဉ်း တည်ရှိနေတဲ့ ရေလမ်းကြောင်း ဖြစ်ပါတယ်။ ၂၀၁၉ ကစလို့ အီရန်ဟာ ဟောမုဇ်ကနေ ဖြတ်သန်း ခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တချို့ကို ကြားဖြတ် ဖမ်းဆီးတာမျိုးတွေ လုပ်ခဲ့ဖူးပါတယ်။

 ဟောမုဇ်ဟာ ကမ္ဘာ့ ရေနံတင်ပို့မှု ကဏ္ဍမှာ အရေးအကြီးဆုံး ရေလမ်းကြောင်း တခုဖြစ်ပြီး အီရန် ရေတပ်က တကယ်လို့ ဒေသတွင်းမှာ စစ်ပွဲဖြစ်လာရင် ဟောမုဇ်ကို လုံးဝ ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ လတ်တလော စဉ်းစားနေတဲ့ အစီအစဉ်အရ အမေရိကန်ဟာ ဟောမုဇ်ကို ဖြတ်သန်းမယ့် အရပ်ဖက် သင်္ဘောတွေကို အီရန်ရေတပ် လက်လှမ်းမီတဲ့ နေရာ ရောက်တဲ့ထိ ရေတပ် အထူးကွန်မန်ဒိုတွေ၊ မရိန်းတပ်သားတွေ တင်ပေးလိုက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 အမေရိကန်ဟာ ဟောမုဇ်တဝိုက်မှာ စစ်အင်အား ပြသဖို့နဲ့ ရေကြောင်း သွားလာမှုတွေကို ကာကွယ် စောင့်ရှောက်ဖို့အတွက် A-10နဲ့ F-16 တိုက်လေယာဉ်တွေအပြင် ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး၊ နည်းပညာ အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ F-35 တိုက်လေယာဉ်တွေကိုပါ ဖြန့်ကျက်ထားပြီး ဖျက်သင်္ဘော Thomas Hudnerနဲ့ တခြား စစ်ရေယာဉ် တချို့ကိုပါ ကင်းလှည့်တာဝန် ပေးအပ်ထားပါတယ်။