လက်နက်နဲ့အတူ စွန့်ခွာလာတဲ့ စစ်ကောင်စီတပ်သားတဦးကို မိုးဗြဲ PDF က ဆုငွေ သိန်းနှစ်ဆယ်ချီးမြှင့်

သြဂုတ်၊ ၄
 
ရှမ်း-ကယား (ကရင်နီ)နယ်စပ် မိုးဗြဲမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်ကနေ လက်နက် ယူဆောင်ပြီး စစ်ကောင်စီကို စွန့်ခွာလာတဲ့ တပ်သားတဦးကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဆုကြေးငွေ သိန်းနှစ်ဆယ် ချီးမြှင့်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
 
” ရှေ့တန်းကနေပဲ သေနတ်တလက်နဲ့ ကျနော်တို့ဆီ လာပူးပေါင်းတာ။ ရှေ့တန်းမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို သူဘယ်လိုမှ လက်မခံနိုင်လို့ လာပူးပေါင်းတာတဲ့။ အိမ်တွေ မီးရှို့တာ၊ လူသတ်တာတွေ စိတ်ကြိုက်လုပ်ခိုင်းတယ်တဲ့။ လက်ရှိတော့ ကျနော်တို့နဲ့ အတူတူပဲ သူက စစ်တပ်ကို ပြန်တိုက်မယ်ပြောတယ်၊ ကျနော်တို့ကတော့ အခြေအနေ စောင့်ကြည့်တုန်းပဲ ” လို့ မိုးဗြဲ PDF တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ မိုးဗြဲအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၄၂၂) မှာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ တပ်သားအဆင့်ရှိ အဲဒီတပ်ဖွဲ့ဝင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်က MA1 သေနတ်တလက်နဲ့ ကျည်ဆန်တချို့ယူဆောင်ပြီး PDF ထံ ခိုလှုံလာခဲ့တာပါ။
 
ရခိုင်ပြည်နယ် ဇာတိဖြစ်တဲ့ အဲဒီတပ်ဖွဲ့ဝင်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းခံခဲ့ရပြိီး ရှေ့တန်းပို့ခံခဲ့ရတာလို့ ကာယကံရှင် ပြောပြတာကို ကိုးကားပြီး မိုးဗြဲ PDF တာဝန်ရှိသူက ပြောပါတယ်။
 
” သူ့ကို ခေါ်လာတာက စစ်တပ်ထဲလို့ မပြောဘူးတဲ့။ အလုပ်ပေးမယ်၊ လစာကောင်းတယ်ဆိုပြီး ပြောလို့ လိုက်လာတာ စစ်တပ်ထဲရောက်လာတယ်တဲ့။ ပြီးတာနဲ့ စစ်သင်တန်း တလ တက်ခိုင်းပြီးတာနဲ့ ရှေ့တန်းပို့ခံရတယ်ပြောတယ် ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
လက်ရှိအချိန်ထိ အဲဒီစစ်ကောင်စီတပ်သား အပါအဝင် မိုးဗြဲ PDF ထံ ခိုလှုံပြီး ပူးပေါင်းမှုပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ လေးဦးထက်မနည်း ရှိပြီဖြစ်ပြီး အားလုံးကို ဆုကြေးငွေ သိန်းနှစ်ဆယ်စီ ချီးမြှင့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတဲ့ ရဲနဲ့ စစ်သား စုစုပေါင်း တသောင်းခြောက်ထောင်ဝန်းကျင် ရှိပြီဖြစ်တယ်လို့လည်း NUG အစိုးရက အခုနှစ် ဧပြီလမှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – MB PDF