ရခိုင် မြို့နယ်တချို့မှာ မိုးအဆက်မပြတ်ရွာလို့ စစ်ရှောင်စခန်းတွေမှာ ရေကြီးရေလျှံနေ

သြဂုတ်၊ ၄
 
ရခိုင်မြောက်ပိုင်း မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်တို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်း တချို့နဲ့ လူနေကျေးရွာတချို့ ရေကြီးရေလျှံမှု ကြုံနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။
 
ကျောက်တော်မြို့ပေါ်က စစ်ရှောင်စခန်းတချို့၊ ညောင်ချောင်းစစ်ရှောင်းစခန်း နဲ့ မြောက်ဦးမြို့နယ် တိမ်ညိုစခန်း တို့မှာ ရေကြီးရေလျှံမှုနဲ့ ရင်ဆိုင်နေကြရတာပါ။
 
” ရေတက်နေတာ ၂ ရက်နေ့ကတည်းက၊ အခု အိမ် ၁၅၀ လောက် ရေမြုပ်နေတယ်၊ ရေက အခုထိ ပြန်မကျသေးဘူး၊ ထပ်တက်လာရင်တော့ နေရာတွေရွှေ့ဖို့ စီစဉ်ရတော့မယ် ” လို့ ညောင်ချောင်းစစ်ရှောင် စခန်းတာ၀န်ခံက DNA ကိုပြောပါတယ်။
 
ဒါ့အပြင် မိုခါမုန်တိုင်းကြောင့် စခန်းရှိ နေအိမ်တွေအားလုံး ပျက်စီးသွားခဲ့ရတဲ့ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်း မှာလည်း ရေနစ်မြုပ်နေပြီး နေစရာအခက်အခဲ ဖြစ်နေကြတယ်လို့ ပြောကြပါတယ်။
 
” အိမ်တွေလည်း အကုန်လုံး အပြည့်အစုံ မဆောက်ကြရသေးတော့ ရေအများကြီး တက်လာရင် မလွယ်ဘူး၊ နေ့ခင်းကတည်းက တက်နေတာ အခုထိ တက်တုန်းပါ ” လို့ တိမ်ညိုစခန်းက စစ်ရှောင်တဦးက ပြောပါတယ်။
 
မိုးနဲ့အတူ လေပြင်းတွေပါ တိုက်ခတ်လာခဲ့ရင် စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ အခက်အခဲ ပိုတိုးလာနိုင်တာကြောင့် လေပြင်းအန္တရာယ်ကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
 
အလားတူ စစ်ရှောင်စခန်းတွေအပြင် ရခိုင်​ပြည်နယ်တွင်း မြို့နယ်တွေက ကျေးရွာတချို့မှာလည်း ရေကြီးမြင့်တာတွေနဲ့ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” ရေက ပေါင်လောက်ထိ တက်နေပြီ၊ ဒီရေအတက်နဲ့ မိုးထပ်ကြီးလာမှာကို စိုးရိမ်နေကြတယ် ” လို့ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်ဒေသခံတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့်လည်း ရခိုင်စစ်ရှောင်စခန်းတွေထဲက ပြုပြင်လက်စ နေအိမ်တချို့ ပျက်စီးခဲ့သေးတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။
 
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် ရခိုင်ပြည်နယ်မှာ နေရာကွက် မိုးကြီးနိုင်ကာ ရွာရန် ရာနှုန်းအပြည့်ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက ဒီကနေ့ ညနေလေး နာရီမှာ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတစ်ရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့လည်း ဆိုထားပါတယ်။
 
ဓာတ်ပုံ – Arakan Princess/CJ