သာယာဝတီထောင်မှာ အာဇာနည်နေ့အခမ်းအနားလုပ်တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရလို့ လေးဦးစိုးရိမ်ရ

သြဂုတ်၊ ၄
 
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်က အာဇာနည်နေ့ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား/သူ ၃၁ ဦး ရိုက်နှက်ခံရတဲ့အတွက် လေးဦးဟာ ထောင်တွင်းဆေးရုံမှာ တင်ထားရပြီး စိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ သိရပါတယ်။
 
“ သူတို့လည်း ၁၉ ရက်နေ့ကတည်းကဖြ စ်တာပေါ့။ ယောကျာ်းလေးတွေလည်း ၁၉ ရက်နေ့ကတည်းက ရိုက်နှက်ခံရတယ်။ ၂၀ ရက်နေ့မှာ ဒဏ်ရာတွေ ပြင်းထန်လို့ဆိုပြီး ၂၁ ရက်နေ့မှာ ထောင်တွင်းဆေးရုံကို ခေါ်သွားတယ် ” လို့ အဲဒီကွန်ရက်အဖွဲ့ဝင် ဦးသိုက်ထွန်းဦးက ဆိုပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ ရဲ့ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့ စည်းရုံးရေးမှူး ကိုသန်းထိုက်အောင် အပါအဝင် ကျန်နိုင်ငံရေးအကျဉ်းသား သုံးဦးဟာ ထောင်ဝန်ထမ်းတွေ ရိုက်နှက်ထားလို့ စိုးရိမ်ရတယ်လို့ သူကဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်က သာယာဝတီအကျဉ်းထောင် အတွင်းက နိုင်ငံရေးအကျဉ်းသားတွေဟာ အမျိုးသားအဆောင်မှာ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အလေးပြုတာတွေအပြင် ဆွေးနွေးပွဲတွေကို လုပ်ဆောင်ခဲ့ကြတာပါ။
 
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသူတွေဟာလည်း ဖဲကြိုးအနက်ရောင်တွေကို ရင်ဘတ်မှာ ချိတ်ဆွဲပြီး အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် ထောင်တွင်းလှုပ်ရှားမှု လုပ်ခဲ့ကြပါသေးတယ်။
 
အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးနဲ့ အကျဉ်းသူ ၁၅ ဦး စုစုပေါင်း ၃၁ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ကာ တိုက်ပိတ်ခံထားရပြီး အဲဒီထဲက ကိုသန်းထိုက်အောင် အပါအဝင် လေးဦးဟာ စိုးရိမ်ရတယ်လို့ သိရပါတယ်။
 
နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုရန်နိုင်စိုး၊ ဦးလှစိုး၊ ကိုစုတ်ဖွားကြီး၊ တာမွေ ကိုဇွဲ (ခ) ကိုခင်မောင်ကျော်၊ ဒေါက်တာကိုဂျိုး၊ လက်ပံတန်းက ကိုအိုဘီ နဲ့ စီဒီအမ်ဗိုလ်ကြီး တဦး အပါအဝင် ကျန်နိုင်ငံရေးအကျဉ်းသားတွေကို တိုက်ပိတ်ထားတာလို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
 
ဒါ့အပြင် ဖဲကြိုးအနက်ရောင် လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသူတွေဖြစ်တဲ့ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့်၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့်၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်း နဲ့ မမိုးမြတ်သဇင် တို့ကို ထောင်အာဏပိုင်တွေက ရိုက်နှက်ပြီး တိုက်ပိတ်ထားပါတယ်။
 
အဲဒီနိုင်ငံရေး အကျဉ်းသား ၃၁ ဦးကို အကျဉ်းထောင်မှာ တိုက်ပိတ်အရေးယူတာတွေအပြင် ထောင်ဝင်စာ ပါဆယ်ပေးပို့ခွင့်ကိုလည်း စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနက ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
 
အခုလို အကျဉ်းသားတွေကို တိုက်ပိတ်ထားတာနဲ့ ပတ်သက်ပြီး သာယာဝတီထောင်အတွင်းမှာ ကျန်ရှိနေတဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်း စျေးဘားမှာ စျေးမဝယ်ဘဲ ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
 
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း ဒီလ ၃ ရက်အထိ ဖမ်းဆီးခံထားရသူပေါင်းဟာ ၂၄,၁၅၄ ဦး အထိရှိပြီး အဲဒီအထဲမှာ ၁၉,၆၈၁ ဦးဟာ အကျဉ်းထောင်တွေအထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
 
ဓာတ်ပုံ – Social Media