အချုပ်ကျအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ပလဖအဖွဲ့ဝင် ရှစ်ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ဆောပအဖပြော

သြဂုတ်၊ ၄
 
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းက ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အချုပ်စခန်းတခုမှာ အချုပ်ကျခံနေရတဲ့ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အချုပ်ခန်းစောင့် အစမ်းခန့် ပလဖ တပ်ဖွဲ့ဝင်ရှစ်ဦးကို ဖမ်းဆီးထားပြီး အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက DNA ကိုပြောပါ တယ်။
 
” ရှစ်ဦးစလုံးကို ဖမ်းပြီး အချုပ်ချထားတယ်၊ သူတို့အားလုံးလည်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံတယ်၊ ထိုက်သင့်တဲ့ အပြစ်ပေးနိုင်အောင်တော့ တရားစွဲဆိုမှုတွေ လုပ်ထားပြီးပြီ၊ တရားရေးကိစ္စကိုတော့ ကျွန်တော်တို့ရဲ့ မြို့နယ်တရားရေးရာတာဝန်ခံနဲ့ NUG တရားရေးဝန်ကြီးဌာနတို့နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ် ” လို့ သူကပြောပါတယ်။
 
ဆောမြို့နယ်အတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့က ဖွင့်လှစ်ထားတဲ့ အချုပ်စခန်း လေးခုလောက်ရှိတဲ့အနက် အချုပ် စခန်းတခုမှာ ခိုးမှုနဲ့ အချုပ်ကျခံနေရတဲ့ အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတဦးကို အချုပ်ခန်းစောင့် ပလဖ အဖွဲ့ဝင်ရှစ်ဦးက ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်အတွင်း ပူးပေါင်း အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
 
အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံက ကျူးလွန်သူတွေကို အရေးမယူဘဲ ငွေဒဏ်နဲ့သာ ကြေအေးစေခဲ့တာကြောင့် ဒေသခံတွေက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို တိုင်ကြားလာကြတယ်လို့ ဆောမြို့နယ် ပအဖရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါကြောင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်စိစစ်ဖော်ထုတ်ပြီး ကျူးလွန်သူရှစ်ဦးလုံးကို ပလဖ တပ်ဖွဲ့ဝင်အဖြစ်က ထုတ်ပယ်လိုက်သလို ဖမ်းဆီးထိန်းသိမ်းပြီး အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်နေတာလို့ သိရပါတယ်။
 
” အမျိုးသမီး (နစ်နာသူ)ကတော့ ကျန်းမာရေး ကောင်းကောင်းမွန်မွန်ပဲ၊ ချုပ်နှောင်ထားတာတွေလည်း ကျွန်တော်တို့ မလုပ်တော့ဘူး၊ ပြန်လွှတ်ဖို့ကလည်း သူ့အတွက် အဆင်မပြေသေးတော့ လုံခြုံတဲ့နေရာမှာ ထားပြီး ကျွန်တော်တို့ပဲ စောင့်ရှောက်ပေးထားပါတယ် ” လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
 
အဓမ္မကျူးလွန်သူတွေထဲက ခုနစ်ဦးကို ဇွန်လ ၂၉ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ထပ်တဦးကိုတော့ ဇူလိုင်လ ၃၁ ရက်မှာ ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ ပအဖ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကြီးကြပ်ဆောင်ရွက်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် အလားတူ ဖြစ်စဉ်တွေ ထပ်မဖြစ်စေရေး အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း ဆောမြို့နယ် ပအဖ အဖွဲ့က ဆိုပါတယ်။
 
” ကျွန်တော်တို့ မြို့နယ်ထဲမှာ တရားဥပဒေစိုးမိုးရေးအတွက် သေချာလုပ်လာတာ တနှစ်ခွဲလောက်ရှိနေပြီ၊ ကျွန် တော်တို့က အရပ်သားတွေကိုပဲ အပြစ်ပေးအရေးယူတာမျိုး မဟုတ်ပါဘူး၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပြစ်ကျူးလွန်လာရင် ဥပဒေနဲ့အညီပဲ လုပ်သွားမှာပါ ” လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media