မူဆယ်တိုက်ပွဲမှာ စစ်ကောင်စီအထိနာ၊ လက်နက်ခဲယမ်း အများအပြားရတယ်လို့ TNLA ပြော

သြဂုတ်၊ ၄
 
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဇူလိုင် ၂ရက် မနက်ပိုင်းကနေ ညနေအထိ တနေကုန်နီးပါး ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
မူဆယ်မြို့နဲ့ မိုင်အနည်းအကွာ စယ်လန့်ကျေးရွာအုပ်စု၊ နားထမ်နဲ့ ဂေါင်ရာကျေးရွာ အနီးမှာ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ TNLA တပ်တွေ မနေ့က တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆယ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
“ စစ်တပ်က ထိတဲ့ကောင်တွေကို မူဆယ်ဆေးရုံမှာ ဆေးကုပေးနေတာပေါ့နော်။ စစ်တပ်က လူတွေတင် မဟုတ်ဘူး ပြည်သူစစ်တွေလည်း ထိတာရှိတယ်။ တိုက်ပွဲတွေကတော့ နေစဉ်ဆိုသလို ဖြစ်နေတာပါပဲ။ နမ့်ဖက်ကာ ဖက်လည်း မနေ့ကညပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကြားတယ် ” လို့ မူဆယ်ဒေသခံ တအာင်းလူငယ်တဦးက DNA ကိုပြောပါတယ်။
 
TNLA ဘက်က ထိခိုက်မှုအခြေအနေကို ဖော်ပြမထားသလို တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှု အခြေအနေတွေကို DNA အနေနဲ့ အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
အဲ့ဒီတိုက်ပွဲကနေ ရိုင်ဖယ်သေနတ် နှစ်လက်၊ စက်လတ် တလက်၊ RPG တလက်၊ ဆက်သွယ်ရေးစက်ကြီး တလုံး၊ RPG ဗုံးသီးနဲ့ ၈၀ မမ ဗုံးသီး ခြောက်ဆယ်၊ ကျည်ဆံ ငါးထောင် တို့အပါအဝင် ခဲယမ်းတွနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီနဲ့ TNLA တို့ကြား ဇူလိုင် ၂၃ ရက်ကနေ ဩဂုတ် ၂ ရက်အထိ တိုက်ပွဲ ကိုးကြိမ်ဖြစ်ခဲ့ရာမှာ စစ်ကောင်စီ ဘက်က ၂၅ ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရခဲ့ပြီး တဦးကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
လက်ရှိမှာလည်း မူဆယ်မြို့အနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် အနီးနားက ကျေးရွာက ဒေသခံ ၂၀၀၀ လောက်ဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ မူဆယ်မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဓာတ်ပုံ – TNLA