တရုတ်ဆီ စစ်ဘက်ဆိုင်ရာ အချက်အလက်တွေ ပေါက်ကြားစေမှုနဲ့ အမေရိကန် ရေတပ်သားနှစ်ဦး စွဲချက်တင်ခံရ

သြဂုတ်၊ ၄

တရုတ်ဆီ စစ်ဘက်ဆိုင်ရာ သတင်း အချက်အလက်တွေ ထောက်ပံ့ပေးခဲ့ကြောင်း စွပ်စွဲမှုနဲ့ အမေရိကန် ရေတပ်သား နှစ်ဦးကို စွဲချက်တင်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယားမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ်သား နှစ်ဦးဟာ စစ်ရေးအရ ထိလွယ်ရှလွယ် ရှိနိုင်တဲ့ သတင်းအချက်အလက် တချို့ကို တရုတ်ဆီ ပေးပို့ခဲ့ကြောင်း စွပ်စွဲ ခံရပြီး အခုတော့ တရားရင်ဆိုင်နေရပါပြီ။

အသက် ၂၂ နှစ်အရွယ် ဂျင်ချောင်ဝေဆိုတဲ့ အမျိုးသားဟာ အမျိုးသား ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက် တချို့ကို တရုတ် ထောက်လှမ်းရေး အေးဂျင့်တဦးဆီ ဆက်သွယ် ပေးပို့ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးတွေက ပြောပါတယ်။ အရာရှိငယ် တဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ဝမ်ဟန်ရှောင်ကတော့ စစ်ရေးအရ လျှို့ဝှက်အပ်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကြုံနေရပါတယ်။

ရေတပ်သားနှစ်ဦးဟာ အဲဒီ အမှုတွေကို သီးခြားစီ ကျူးလွန်ကြတာဖြစ်ပြီး သူတို့နှစ်ယောက်စလုံးဟာ တရုတ်အေးဂျင့် တယောက်တည်းကို ဆက်သွယ်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ နှစ်ယောက်စလုံးကိုတော့ ကယ်လီဖိုးနီးယားမှာ ဩဂုတ် ၂ ရက်က တပ်ထိန်းတွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ဝေက အဖမ်းခံရတဲ့အချိန် ဆန်ဒီယေဂိုမှာရှိတဲ့ ရေတပ်စခန်းမှာ အလုပ်လုပ်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ တရုတ်သံရုံးကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ဘာမှ မသိကြောင်းနဲ့ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်တဲ့ ဘယ်လို လုပ်ရပ်မျိုးကိုမှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။ နောက်ပြီး တရုတ်ကို သိက္ခာကျစေမယ့် စွပ်စွဲချက်တွေကို အမေရိကန်က လုပ်ဆောင်ခဲ့တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်းလည်း သံရုံးက ပြောပါတယ်။

အစိုးရ ရှေ့နေတွေရဲ့ အဆိုအရ ရှောင်ဟာ ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့မှာရှိတဲ့ အမေရိကန် ရေတပ်စခန်းမှာ တပ်ဆင်ထားတဲ့ ရေဒါစနစ် တစ်ခုရဲ့ မူကြမ်း blueprintတွေ၊ တခြား ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို တရုတ် အေးဂျင့် တဦးဆီ လက်လွှဲ ရောင်းချခဲ့ပြီး ဒေါ်လာ ၁၅၀၀၀ လောက် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဝေကတော့ ကမ်းတက် ချေမှုန်းရေး ရေယာဉ် USS Essexပေါ်မှာ အမှုထမ်းပြီး စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေ ထားရှိထိန်းချုပ်တဲ့ နေရာတွေဆီ ဝင်ထွက်သွားလာခွင့် ရထားတယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ကြား ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ သူလျှိုမှုနဲ့ ဆက်စပ်တဲ့ အခုလို ပြဿနာတွေ ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပေါ်နေပါတယ်။ နှစ်ဆန်းပိုင်းတုန်းကလည်း တရုတ်ရဲ့ မိုးပျံပူဖောင်း တလုံးဟာ အမေရိကန် လေပိုင်နက်ထဲ ဖြတ်သန်း ဝင်ရောက်ခဲ့ပြီး အမေရိကန် လေတပ်က သူလျှို ပစ္စည်း တခုအနေနဲ့ ယုံကြည်တဲ့အတွက် ပစ်ချခဲ့ဖူးပါတယ်။

 

Ref: AFP