မင်းလှဒေသခံ လင်မယားနှစ်ဦး ပစ်သတ်ခံရ

သြဂုတ်၊ ၃
 
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကျွဲမကိုင်းကျေးရွာ က ဒေသခံ လင်မယားနှစ်ဦးကို စစ်ကောင်စီထံ သတင်းပေးတာတွေ မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာတာကြောင့် ပစ်ခတ်ရာမှာ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။
 
“ သူတို့က ကျွန်တော်တို့ စခန်းတွေကို ခဏခဏ စကစကို လမ်းပြလုပ်တော့ မဖြစ်မနေ လုံခြုံရေးအရ လုပ်ရတာ၊ အရှင်းဆုံးပြောပြတာ ” လို့ သူက ဆိုပါတယ်။
 
အဲ့ဒီလင်မယားနှစ်ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်း ဇူလိုင် ၃၁ ရက် ညပိုင်းက နေအိမ်မှာပဲ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး နှစ်ဦးလုံး နေရာမှာပဲ သေဆုံးသွားတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။
 
သေဆုံးသူတွေဟာ ကျွဲမကိုင်းရွာ ဒေသခံတွေဖြစ်တဲ့ အသက်ငါးဆယ်ဝန်းကျင်အရွယ် စောအယ်လာထူး နဲ့ ဇနီးဖြစ်သူ အသက်လေးဆယ်ဝန်းကျင်အရွယ် ဒေါ်ဝင်းဝင်းမာ တို့ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီလင်မယားနှစ်ဦးကို PDF တွေက ခေါ_င်းဖြတ်သတ်ခဲ့တာလို့ စစ်ကောင်စီသတင်းတွေ ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြကြပေမယ့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူကတော့ အဲ့ဒီလိုဖော်ပြတာဟာ ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ ကျွန်တော်တို့က သေနတ်နဲ့ပဲ သူတို့ကို ပစ်ခဲ့တာ၊‌ ဒါပေမယ့် တယ်လီဂရန်မှာ တတ်လာတော့ အမျိုးသမီးခေါင်းကို ခြံစည်းရိုးဘောင်မှာ ဖြတ်ပြီး တင်ထားတယ်၊ ရက်ရက်စက်စက်စက်ဗျာ မကြည့်ရက်စရာ ခွေးတွေရောက်လာပြီးတော့ လုပ်လား၊ အဲ့ရွာက ဒလန်တွေပဲ လုပ်လား မသိဘူး၊ သူတို့မှာပဲ အဲလိုလုပ်ဖို့ အချိန်ရှိကြတာလေ ” လို့ သူကပြောပါတယ်။
 
မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကတော့ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ လင်မယားနှစ်ဦး သတင်းပေးမှုကြောင့် စခန်းစီးနင်းခံရတာမျိုး ရှိခဲ့သလို ရွာခံတွေကိုလည်း တော်လှန်ရေးအတွက် ထောက်ပို့သူတွေလို့ဆိုကာ စစ်ကောင်စီကို သတင်းပေးနေသူတွေလို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့မတ်လ ၂၃ ရက်က မင်းလှပြည်သူ့ကာကွယ်‌ရေးတပ် စခန်းတခုကို စစ်ကောင်စီအဖွဲ့တွေက စီးနင်းတာကြောင့်အဖွဲ့ပိုင်လက်နက်နဲ့ ခဲယမ်းတချို့ကို လုံခြုံတဲ့နေရာမှာ ဝှက်ထားပေမယ့် အဆိုပါ လင်မယားနှစ်ဦးက ရှာဖွေပြီး စစ်ကောင်စီထံ အပ်နှံကာ ငွေကျပ် ၂၅ သိန်း ရယူခဲ့တယ်လို့လည်း မင်းလှ PDF တာဝန်ရှိသူက ဆိုပါတယ်။
 
“ နောက်တခေါက်မှာ ကျွန်တော်တို့နဲ့ စကစတို့ တိုက်ပွဲဖြစ်တယ်၊ အဲ့တုန်းကလည်း သူတို့ပဲပြတာ၊ ကျွန်တော်တို့ မရှင်းခင် သူတို့ကို ဖုန်းဆက်ပြီး အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်ဗျ၊ တကယ်ကို မရှင်းချင်တာပါ၊ မရှင်းရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်နေမှာပေါ့ဗျ ” လို့ သူကပြောပါတယ်။
 
ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ လင်မယားနှစ်ဦးနဲ့ပတ်သက်ပြီး မင်းလှပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြောဆိုချက်တွေကို DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကလည်း မင်းလှမြို့နယ်၊ သပြေစမ်းရွာ က အုပ်ချုပ်ရေးမှူး နဲ့ ရာအိမ်မှူး တို့ နှစ်ဦးကို ရန်ကုန်-ပြည် လမ်းပေါ်မှာ ကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media