ဒီပဲယင်း၊မရကန်ရွာကို စစ်ကောင်စီစစ်ကြောင်းထိုးမီးရှို့လို့ နေအိမ်သုံးဆယ်နီးပါးမီးလောင်ပျက်စီး

သြဂုတ် ၊ ၃

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်း က မရကန် ရွာကို စစ်ကောင်စီ တပ်တွေက မနေ့က သြဂုတ်လ ၂ ရက် ညနေပိုင်းနဲ့ ဒီကနေ့မနက်အစောပိုင်းတွေမှာစစ်ကြောင်းထိုးဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၇ လုံး မီး လောင်ဆုံးရှုံးခဲ့တယ်လို့ ရေဦးမြို့နယ်အခြေပြု Pepole’s Defence Comrde ပြန်ကြားရေးတာဝန်ခံ ကို ထူးခန့်ဇော်က ပြောပါတယ်။

ရေဦးမြို့နယ် နောက်ဘက်ခြမ်းနဲ့ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးမြစ်ကမ်းတလျှောက်စစ်ကြောင်းထိုးနေတဲ့ စစ် ကောင်စီတပ်က မရကန်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့သလို အဲ့ဒီရွာက တခြားနေအိမ်တွေကိုလည်း မွှေနှောက် ဖျက်ဆီးသွားတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကလည်း အသိပေးထားပါတယ်။

“လက်ရှိတော့ ငြိမ်နေတယ်၊ညနေပိုင်းဒါမှမဟုတ် မနက်ပိုင်းလောက် ဒီပဲယင်းအနောက်ခြမ်း ရွာတွေဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးနိုင်ပါတယ် “ လို့ ရေဦးမြို့နယ်အခြေပြု Pepole’s Defence Comrde ပြန်ကြား ရေး တာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။

 မနေ့က ညနေပိုင်း မှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၊၇၀၂ နဲ့ ၇၀၈ ပူးပေါင်း အင်အား ၁၅၀ စစ်ကြောင်းဟာ ရေဦးမြို့နယ်ဘက်ကနေ ဒီပဲယင်းနယ်ထဲဝင်လာပြီး မရကန်ရွာထဲ ဝင်ရောက်ခဲ့ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့တာပါ။

အခုတကြိမ်အပါအဝင် မရကန်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့ခဲ့တာ သုံးကြိမ်မြောက်ရှိပြီဖြစ်တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားတွေကပြောပါတယ်။ဒါ့အပြင် အခုမီးရှို့ခံလိုက်ရတဲ့အထဲက နေအိမ်နှစ် ဆယ်ကျော်ဟာ အရင်ကလည်း မီးရှို့ခံရတာကြောင့် ပြန်ဆောက်ထားတဲ့နေအိမ်တွေဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကဖော်ပြထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မရကန်ရွာကို မဝင်ခင် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ရွာရှည် ရွာက ကိုနိုင် နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးဖြစ်တဲ့ မချောဝင်းတို့လင်မယားနှစ်ဦးကျည်ထိမှန်ခဲ့ပြီး အခြေနေအသေးစိတ်ကို တော့စုံစမ်းလို့မရသေးဘူး လို့ ကိုထူးခန့်ဇော်ကပြောပါတယ်။

ဒီပဲယင်းမြို့ပြင်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု ဇူလိုင် ၃၀ရက်မှာတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ခြောက် ဦးသေဆုံးခဲ့တာကြောင့် ဒီပဲယင်းနယ်နဲ့ရေဦးနယ်ဘက်ကို စစ်ကောင်စီက အခုလို စစ်ကြောင်းထိုးဝင် ရောက်နေတာဖြစ်တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

“ဟိုနေ့က ဒီပဲယင်းဂိတ်ကိုဝင်ပစ်လို့ ခွေးခြောက်ကောင်သေတာကို ရေဦးကိုစစ်ကူလှမ်းတောင်းတယ်၊ ဒါကြောင့် ဖိပြီးစစ်ကြောင်းထိုးနေတာ ၊ အကိုတို့ ကြားထားသလောက်တော့ ဒီပဲယင်း အရှေ့ခြမ်းနဲ့အနောက်ခြမ်းကို ရက် ရှည်မွှေမှာ ၊အင်အားလည်းများတယ်”လို့ ကိုထူးခန့်ဇော်ကပြောပါတယ်။

မရကန်ရွာကို မီးရှို့ပြီးနောက် ဒီနေ့မနက်ပိုင်းမှာ အင်အား ၁၅၀ ပါတဲ့ အဆိုပါစစ်ကောင်စီ စစ်ကြောင်းဟာ ရေဦးမြို့နယ်ထဲပြန်ဝင်သွားတယ်လို့သိရပါတယ်။

လက်ရှိမှာ ဒီပဲယင်းအရှေ့ ခြမ်းက ဒေသခံတချို့ ရွာထဲပြန်ဝင်နေကြပေမယ့် ရေဦးတောင်ဘက်ခြမ်းကျေးရွာတွေ ကဒေသခံတွေကတော့ ဆက်လက်တိမ်းရှောင်နေတေယ်လို့သိရပါတယ်။

မရကန်ရွာဟာ အိမ်ခြေ သုံးရာကျော်ရှိပြီး အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၉ ရက်မှာ ပထမအကြိမ် မီးရှို့ ခံရတာမှာ နေအိမ်ကိုးလုံး ၊ အခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ဒုတိယ အကြိမ် နေအိမ် ခုနစ်ဆယ်၊မနေ့က နေအိမ် ၂၇ လုံး စုစုပေါင်းနေအိမ် ၁၀၆ လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။

လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ ဒီပဲယင်းမြို့နယ်ဟာ တနိုင်ငံလုံးမှာ မီးရှို့ခံရ မှုကြောင့် နေအိမ်ပျက်စီးမှုအများဆုံးမြို့နယ်ဖြစ်ပါတယ်။လက်ရှိဒီပဲယင်းမြို့နယ်မှာ မီးရှို့ခံရတဲ့နေအိမ်စုစုပေါင်း ခြောက်ထောင်ကျော် ရှိနေပြီလို့ ဒီပဲယင်း စစ်ရှောက်ထောက်ပံ့ရေးအဖွဲ့ကဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ် ဇွန်လကုန်အထိ နိုင်ငံတဝန်းမှာ ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်နဲ့ အဆောက်အအုံ စုစုပေါင်း ၈၂၀၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သုံးပုံတပုံနီးပါးဟာ စစ်ကိုင်းတိုင်း အတွင်းက ဖြစ်တယ်လို့ ISP Myanmar အဖွဲ့က ဇူလိုင်လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

photo ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး