စက်သုံးဆီဈေး အဆမတန်မြင့်တတ်လာလို့ ဆီကားမောင်းသူတချို့ ဂတ်စ်ကားပြောင်းမောင်း

 

သြဂုတ် ၊ ၃

စက်သုံးဆီစျေးနှုန်းတွေအဆမတန်မြင့်တက်လာလို့ ဆီကားမောင်းသူတချို့ဟာ CNG ဂတ်စ်ကားပြောင်းလဲ မောင်းနှင်လာကြတယ်လို့ရန်ကုန်မြို့က အငှားယာဉ်မောင်းတွေနဲ့ အငှားယာဉ်ပိုင်ရှင်တွေက DNA သတင်းဌာနကို ပြောပါတယ်။

“ ဆီကားက မောင်းချင်တဲ့သူဘယ်သူ့မှကို မရှိတာ ၊ဂတ်စ်ကားပဲမောင်းချင်ကြတာ ၊ အရင်ဆိုဆီဈေးက ခြောက်ရာ၊ ခုနှစ်ရာ လေ။ အခုက ၂၃၀၀ လောက်ရှိနေပြီ ဘာမှမဆိုင်တဲ့အခြေနေ။ အဲ့ ဒါကြောင့် ဂတ်စ်ကားမောင်းတဲ့သူပိုများလာတယ်’’ လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကာလအတွင်း ဒေါ်လာဈေး အဆမတန် မြင့်တတ်လာတာကြောင့် ရွှေနဲ့ စက်သုံးဆီအပါအဝင် အခြားအခြေခံစားသောက်ကုန်တွေ ဈေးမြင့်တတ်ခဲ့တာပါ။

စက်သုံးဆီဈေးနှုန်းဟာ စစ်အာဏာသိမ်းပြီးခါစ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလက အောက်တိန်း ၉၂ တလီတာကို ၆၉၅ ကျပ်၊ အောက်တိန်း၉၅ တလီတာကို ၇၀၅ ကျပ်သာရှိပေမယ့် လက်ရှိ သြဂုတ်လ ၃ ရက်မှာတော့ တော့ ၉၂ တလီတာကို ၂၂၁ဝကျပ် ၊ ၉၅ တလီတာကို ၂၃၂၀ ကျပ်အထိ  ရှိတာကြောင့် သုံးဆကျော်လောက်ဈေးမြင့်တတ်ခဲ့တာပါ။

အဲဒီလို စက်သုံးဆီစျေးတွေအဆမတန်မြင့်တက်တာကြောင့် တွက်ခြေမကိုက်တော့တဲ့အတွက် အငှားယာဉ်မောင်းတချို့ CNG ဂတ်စ်ကားပြောင်းမောင်းလာသူတွေ ပိုများလာတယ်လို့ အငှားယာဉ်မောင်းအချို့ဆီက သိရပါတယ်။

“ကျွန်တော်တို့ဂိတ်မှာဆို အရင်က ကားဆယ်စီးဆို တစီးလောက်ပဲ ဂိတ်စ်ကား။ အခုဆို ငါးစီးလောက်ဖြစ်လာပြီ။ ပြောင်းရတာနဲ့ပြောင်းတာပဲ’’ လို့ ပုစွန်တောင်က Ocean Super Market မှာဂိတ်ထိုးတဲ့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

ဆီကားတစီးကို တရက်အုံနာခ တသောင်းကနေ ၁၁,၀၀၀ အထိပေးရပြီး ဂတ်စ်ကားကတော့ တသောင်းခွဲကနေ တသောင်းခြောက်ထောင်အထိပေးရပေမယ့် စက်သုံးဆီစျေးတက်နေချိန်မှာတော့ တွက်ခြေကိုက်တယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတွေက ဆိုပါတယ်။

ဒါပေမယ့် ဂတ်စ်ကားမောင်းသူတွေအတွက် အခက်အခဲကတော့ လျှပ်စစ်မီးပုံမှန်မလာတဲ့အတွက် ဂတ်စ်ဆိုင်ဖွင့်ချိန် မနက်ရ နာရီကနေ တန်းစီစောင့်စားရပြီးတရက်ကို ဆီတခါဖြည့်ဖို့ သုံးနာရီကနေ ငါးနာရီအထိအချိန်ပေးနေရတယ်လို့ အငှားယာဉ်မောင်းတွေက ဆိုပါတယ်။

“ ဆီကကျတော့ တန်းဆီမစောင့်ရဘူးလေ၊ ပိုက်ဆံပေးရင်ရတယ်။ ဂတ်စ်ကားကကျတော့တန်းဆီရတယ်။မနက်ရနာရီ၁ဝမိနစ်မှ ဂတ်စ်စဖြည့်ပေးတာ ။ဒါပေမယ့် မနက် ၄ နာရီတည်းကဂတ်စ်ဆိုင်ရှေ့သွားတန်းစီတာ။အဲ့တာတောင်မှ အရှေ့မှာ အစီးနှစ်ဆယ်၊သုံးဆယ်လောက်ရှိတာ “လို့ အငှားယာဉ်မောင်းနောက်တဦးက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ဂတ်စ်ဖြည့်ချိန်ဟာ အများဆုံးနာရီဝက်လောက်သာကြာပေမယ့် အခုတော့ အချိန်တွေအများကြီး အကုန်ခံကာ တန်းစီစောင့်နေရပေမယ့် မီးပျက်ချိန်နဲ့တိုးရင် လိုချင်တဲ့ပမာဏ မရတဲ့အတွက်ကြောင့် နောက်တခေါက်လာတန်းစီရတာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်။

အငှားယာဉ်မောင်းတွေဟာ ဂိတ်တွေကနေ ခရီးသည် စောင့်ရကြတာမျိုးရှိသလို လမ်းပေါ်မှာ လှည့်ပတ်မောင်းရင်းနဲ့ ရှာရတဲ့အခါ ဂတ်စ်ရဖို့ အချိန်ပေးတန်းစီနေရတာကြောင့် ခရီးသည်ရှာဖို့ အချိန်တွေနည်းနေလာတယ်လို့ အငှားယာဉ်မောင်းတွေကဆိုကြပါတယ်။

“ ဒါပေမယ့်(ဂတ်စ်)တခါဖြည့်ရင် ငါးထောင်လောက်ကို တနေကုန်မောင်းလို့ရတယ် ။ဆီကားထက်တော့အဆင်ပြေတယ်။ဒါကြောင့်လည်း ဂတ်စ်ကားပိုမောင်းချင်ကြတာ ကားသမားတွေ ကလေ ”  လို့ အဲဒီအငှားယာဉ်မောင်းကပြောပါတယ်။