သြဂုတ် ၊ ၃
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာ စစ်ကောင်စီနဲ့ TNLA တပ်တွေ ဒီကနေ့ မနက် ပိုင်းကလည်း တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး အရပ်သားတွေလည်းထိခိုက်ဒဏ်ရာရမှုတွေရှိနေတယ်လို့ မူဆယ်ဒေသခံ တဦးက DNAကိုပြောပါတယ်။
“တိုက်ပွဲတွေကတော့ နေ့တိုင်းတော့ဖြစ်နေတယ်၊ဒီနေ့လည်းဖြစ်နေသေးတယ်၊မူဆယ်နဲ့ နမ့်ခမ်းကြားထဲက စယ် လန်ရွာနားမှာဖြစ်နေတယ်၊အရပ်သားရော သူတို့(စစ်ကောင်စီ)ဘက်ရောထိခိုက်တာတွေရှိနေတယ် ” လို့ လုံခြုံရေး အရမည်မဖော်လိုတဲ့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကောင်စီဖက်က မူဆယ်ဆေးရုံကြီးကို ပို့ဆောင်ပြီး ကုသပေးနေ သလို လားရှိုးမြို့ ပြည်သူဆေးရုံကိုလည်း ပို့ဆောင်တာတွေရှိတယ် လို့ သူကဆိုပါတယ်။ဒါ့အပြင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့ ပိတ်မိနေသူတွေလည်းရှိနေတယ်လို့ ဆက်ပြောပါတယ်။
“ နီးစပ်ရာဘုန်းကြီးကျောင်းတို့ တိုက်ပွဲမဖြစ်တဲ့ ရွာဘက်ကိုပြေးတာလည်းရှိတယ်၊ ရွာအချင်းချင်းရှောင် ကြတာ ပေါ့၊ဒီရွာမှာ မဖြစ်ရင်ဒီရွာလာပေါ့၊အဲနားမှာကရွာတွေကအများကြီးရှိတယ်၊ဒီကနေ့တိုက်ပွဲမှာလည်း ထိခိုက်တာ တွေရှိတယ်။တချို့ပိတ်မိတာလည်းရှိသေးတယ်၊လူနာတွေမထုတ်နိုင်သေးဘူးကြားတယ် ” လို့ မူဆယ်မြို့ ဒေသခံ တဦးကဆိုပါတယ်။
မနေ့က တိုက်ပွဲကြောင့် မူဆယ် ၁၀၅မိုင် ဂိတ်ကို မနက်ပိုင်းကနေ ညနေပိုင်းအထိ ပိတ်ခဲ့ရပြီး ဒီကနေ့မှာတော့ ဂိတ်ပိတ်ထားတာမရှိပေမယ့် ဖြတ်သန်းသွားလာသူ နည်းပါးတယ်လို့ မူဆယ်ဒေသခံကပြောပါတယ်။
မူဆယ်နဲ့ လားရှိုးမြို့တွေအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကတည်းက တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာဖြစ်ပြီး မနေ့ကလည်း မူဆယ်နဲ့ လားရှိုးမှာ တိုက်ပွဲတွေဖြစ်ခဲ့ကြပြီး စစ်ကောင်စီ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
မနေ့က မနက်ပိုင်းမှာ TNLA တပ်မဟာ(၁) စစ်ဒေသ မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု နာထန်နဲ့ ဂေါင်ရာကျေး ရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ ဒေသကွပ်ကဲရေး စစ်ဌာနချူပ်(ဒကစ) ခြေလျှင် တပ်ရင်း(ခလရ-၂၆၁) မြို့မ ပြည်သူစစ် ပူးပေါင်းအဖွဲ့တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ် ခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေး ရုံးပြောခွင့်ရအမျိုးသမီးတဦးက DNA ကိုပြောပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေဟာ မူဆယ်၊နမ့်ခမ်းနဲ့ လားရှိုးမြို့တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ TNLA က ထုတ်ပြန်ထားပြီး နှစ်ဘက် ထိခိုက်မှုအခြေအနေတွေကိုတော့ဖော်ပြထားတာမရှိပါဘူး။
“မနေ့က တိုက်ပွဲနှစ်နေရာဖြစ်ပါတယ် မူဆယ်နဲ့လားရှိုးမှာဖြစ်တာပါ၊သူတို့ဘက်က ထိုးစစ်ဆင်လာလို့ ဖြစ်တာပေါ့ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်ဆိုတော့ နှစ်ဘက်ထိခိုက်မှုကိုတော့ မသိနိုင်သေးဘူး”လို့ TNLA သတင်း ပြန်ကြားရေးရုံးပြောခွင့်ရအမျိုးသမီးကပြောပါတယ်။
ဒေသခံတွေကတော့ မူဆယ်မြို့နဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကြား အောက်တုန်ခန်ရွာအနီးမှာလည်း စစ်ကောင်စီ တပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်မှုတွေရှိခဲ့သေးတယ်လို့ ပြောပါတယ်။
“မနေ့ကဖြစ်တဲ့တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်ရော ပြည်သူစစ်တွေရော ထိတာတော်တော်များတယ်ဗျ၊ အဲ့ လောက်ပဲပြောလိုရမယ်၊အရေအတွက်က ဆယ်ဂဏန်းထက်ကိုပိုနိုင်တယ်၊ကျတာတွေရော ထိခိုက်တာတွေရော ပေါ့” လို မူဆယ်ဒေသခံတဦးကပြောပါတယ်။
လက်ရှိမှာလည်း မူဆယ်မြို့ စယ်လန့်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေသေးတဲ့အတွက် အဲဒီအနီးနား ကျေးရွာ တွေက ဒေသခံ ၂၀၀၀ ကျော်လောက်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ ကျေးရွာတွေနဲ့ မူဆယ်မြို့ပေါ်ကို စစ် ရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။