သြဂုတ် ၊ ၃
စာရွက်စာတမ်း အထောက်အထားမဲ့ မြန်မာကျောင်းသား ကလေးငယ်တွေကို နေရပ်ပြန်ပို့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းပညာရေး ဝန်ကြီးဟောင်း တဦးက ကန့်ကွက်သွားခဲ့ပါတယ်။
အန်သောင်ဒေသက ကျောင်းတကျောင်းမှာ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသား ကလေးငယ် ၁၂၆ ဦးကို စာသင်နှစ် တဝက်တပျက်မှာ ထိုင်းအာဏာပိုင်တွေက နေရပ် ပြန်ပို့ခဲ့တဲ့ ကိစ္စက ထိုင်းနိုင်ငံမှာ အငြင်းပွားစရာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့ပါတယ်။
တီချယ်ပူလို့ လူသိများတဲ့ ကန်လာယာ သာဆွမ်ရဲ့ ကျောင်းမှာ တက်ရောက်နေတဲ့ ကလေးတွေဟာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မိသားစုတွေထဲက ကလေးငယ်တွေဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့တဲ့နောက် ထိုင်းအာဏာပိုင်တွေက သူတို့ကို နေရပ်ပြန်ပို့ခဲ့သလို ကျောင်းတာဝန်ရှိသူတွေကလည်း ရဲတပ်ဖွဲ့ရဲ့ စစ်ဆေး မေးမြန်းမှုတွေကို ခံခဲ့ရပါတယ်။
တဖက်မှာလည်း ကလေးတွေရဲ့ ပညာသင်ခွင့်ကို တားဆီးပိတ်ပင်ပြီး အတင်းအကျပ် နေရပ်ပြန်စေခဲ့တဲ့ ထိုင်းအာဏာပိုင်တွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ ရှုထောင့်ကနေ ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။
ထိုင်းပညာရေး ဝန်ကြီးဟောင်း ချာတူရွန် ချိုင်ဆန်ကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး ကလေးတွေရဲ့ ပညာသင်ကြားပိုင်ခွင့်ဖက်ကနေ ထောက်ခံ ရပ်တည်ခဲ့ပါတယ်။ ကလေးတွေကို ပညာသင်ကြားခွင့်နဲ့ ပတ်သက်လို့ လိုလိုလားလား ထောက်ပံ့ရမယ့်အစား နေရပ်ကို အတင်းပြန်ပို့တယ် ဆိုတာက သူတို့ရဲ့ ပညာသင်ကြားပိုင်ခွင့်ကို ပိတ်ပင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဝန်ကြီးဟောင်းက ဆိုပါတယ်။
နောက်ပြီး အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ တုံ့ပြန် ကိုင်တွယ်ရာမှာ ပညာသင်ကြားခွင့်နဲ့ ပတ်သက်ရင် မူဝါဒတွေက ဖြေလျှော့ပေးသင့်တယ်လို့လည်း ချာတူရွန်က ပြောပါတယ်။ အထူးသဖြင့် စာသင်နှစ် တဝက်လောက်မှာ ကလေးတွေကို ကျောင်းကနေ အတင်းဆွဲထုတ်ပြီး နေရပ်ပြန်ပို့တယ်ဆိုတဲ့ လုပ်ရပ်မျိုးကို လက်တွေ့ အကောင်အထည် မဖော်ခင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ ရှုထောင့်ပေါင်းစုံကနေ အပြန်ပြန် အလှန်လှန် စဉ်းစားသင့်တယ် သူက ဝေဖန်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံကို ရောက်နေတဲ့ ကလေးတွေဟာ ထိုင်းနိုင်ငံသား မဟုတ်တဲ့တိုင်အောင် ပညာသင်ကြားခွင့် ပေးသင့်တယ်ဆိုတဲ့ အစိုးရ သဘောတူညီချက်တခု ရှိနှင့်ထားတဲ့ နောက်ခံ အခြေအနေတွေကို တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူတွေ ကိုယ်တိုင် ခြေခြေမြစ်မြစ် သိထားသင့်ကြောင်းလည်း ချာတူရွန်က ထေ