သြဂုတ် ၊ ၃
ပြည်တွင်းမှာ ဓာတ်အားပြတ်တောက်မှုတွေ ကြုံတွေ့နေရတာဟာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကြောင့်လို့ နိုက်ဂျား အာဏာသိမ်း စစ်တပ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အနောက်အာဖရိက ဒေသတွင်း နိုင်ငံဟာ စစ်တပ်ရဲ့ ရုတ်တရက် အာဏာသိမ်းမှုကို ပူပူနွေးနွေး ကြုံတွေ့ထားရပါတယ်။ ဩဂုတ် ၁ ရက်ကစပြီး နိုက်ဂျားက အဓိက မြို့ကြီးတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ထူထူထပ်ထပ် ဖြစ်ပေါ်လာခဲ့ပြီး အဓိက အကြောင်းရင်းကတော့ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ နိုက်ဂျီးရီးယားက မြောက်ပိုင်း အိမ်နီးချင်း နိုင်ငံဆီ ဓာတ်အား ပို့လွှတ်မှုတွေ ဆိုင်းငံ့လိုက်တာကြောင့် ဖြစ်ပါတယ်။
အနောက်အာဖရိက နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Ecowas)က စစ်တပ် အာဏာသိမ်းထားတဲ့ နိုက်ဂျားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာထားပေမယ့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရေး ကိစ္စကိုတော့ အတိအလင်း ထည့်သွင်း သတ်မှတ်မထားပါဘူး။
နိုက်ဂျားစစ်တပ်ကတော့ ပြည်တွင်းမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတာဟာ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ချင်တဲ့ ပြည်ပနိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုကြောင့်သာ ဖြစ်တယ်လို့ အပြစ်ဖို့ထားပါတယ်။ လောလောဆယ်တော့ Ecowas နိုင်ငံတွေရဲ့ ကာကွယ်ရေး ဝန်ကြီးတွေဟာ နိုက်ဂျီးရီးယား နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နိုက်ဂျားကို စစ်ရေးအရ အရေးယူဖို့ ဆွေးနွေး တိုင်ပင်နေပါတယ်။ အစောပိုင်းမှာ Ecowasက နိုက်ဂျားစစ်တပ် အနေနဲ့ ၇ ရက်အတွင်း အရပ်သား အစိုးရဆီ အာဏာပြန်မအပ်ရင် စစ်ရေးအရ အရေးယူမှုတွေ ကြုံလာနိုင်ကြောင်း သတိပေးထားပါတယ်။
လက်ရှိ အခြေအနေအရ နိုက်ဂျားမှာ ပြည်တွင်းရေး မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေပြီး နိုင်ငံခြားသားတွေ အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး နိုက်ဂျားကနေ ထွက်ခွာဖို့ သက်ဆိုင်ရာ နိုင်ငံ အသီးသီးရဲ့ အစိုးရတွေက တိုက်တွန်း ဆော်ဩနေပါတယ်။ ဥရောပ သမဂ္ဂကလည်း အဖွဲ့ဝင် နိုင်ငံသားတွေ နိုက်ဂျားက ထွက်ခွာနိုင်ရေးအတွက် အစီအစဉ်တွေ အကောင်အထည် ဖော်ပေးနေပါတယ်။
နိုက်ဂျားဟာ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ရင် တောင်ပိုင်းက ချမ်းသာကြွယ်ဝတဲ့ အိမ်နီးချင်း နိုက်ဂျီးရီးယားကို အကြီးအကျယ် မှီခိုနေရပါတယ်။ ခန့်မှန်းခြေအရ နိုက်ဂျီးရီးယားဟာ နိုက်ဂျားနိုင်ငံ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ဖြန့်ဖြူး ထောက်ပံ့ပေးနေကြောင်းလည်း သိရပါတယ်။