ပြည်ပရောက်လုပ်သားတွေရဲ့ လစာလေးပုံတပုံ တရားဝင်လွှဲစေဖို့ စစ်ကောင်စီ စီစဉ်နေ

သြဂုတ်၊ ၂

ပြည်ပရောက်မြန်မာလုပ်သားတွေ မိသားစုဆီ ငွေလွှဲရာမှာ အခြေခံလစာရဲ့ ၂၅ရာခိုင်နှုန်းအထိတရားဝင်လမ်းကြောင်းကနေလွှဲစေဖို့စီစဉ်နေတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးက ပြောဆိုပါတယ်။

ဒီနေ့မနက်ကပြုလုပ်တဲ့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီအစည်းအဝေးမှာ သူကအဲ့လိုပြောခဲ့တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီး ဌာနကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့လွှဲပို့ငွေကို ကြပ်မတ်ဖို့ အေဂျင်စီတွေကိုခေါ်ယူဖိအားပေးမှုတွေလုပ်ထားသလိုမဖြစ်မနေလွှဲပို့ခိုင်းမယ့် နှုန်းထားကိုလည်း ထုတ်ဖော်အသိပေးလာတာဖြစ်ပါတယ်။

“ပထမတော့ နိုင်ငံအလိုက် လွှဲပို့ရမယ့်နှုန်းထားပမာ ဏတွေလျာထားချက်ရှိခဲ့တယ်၊အခု ပြောသလိုဆိုရင် ဘယ်နိူင်ငံမဆိုရောက်နေတဲ့အလုပ်သမားတွေ ၂၅ရာခိုင်နှုန်းလွှဲခိုင်းမယ့်သဘောသက်ရောက်တယ်၊ဒါနဲ့ပတ်သက်လို့ တရားဝင်စာတော့မထွက်သေးဘူး”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးကပြောပါတယ်။

လက်ရှိမှာ ပြည်ပထွက်မယ့်အလုပ်သမားတွေကို ဘဏ်အကောင့်မဖြစ်မနေဖွင့်လှစ်စေပြီး ဘဏ်ကနေပဲ ငွေလွှဲဖို့အေဂျင်စီတွေကတဆင့်မှာကြားခိုင်းတာတွေရှိပေမယ့် အလုပ်သမားတွေဘက်ကလိုက်နာတာနည်းတယ်လို့ သူကပြောပါတယ်။

အခုလို ပြည်ပရောက်မြန်မာလုပ်သားတွေဆီက လွှဲပို့ငွေကို ပြည်တွင်းစီးဝင်ဖို့ တစိုက်မက်မက်ကြပ် မတ်ဖို့ကြိုးစားလာတာဟာ စစ်ကောင်စီအတွက်နိုင် ငံခြားငွေလိုအပ်ချက်မြင့်မားနေတာကြောင့်ဆိုတာပေါ်လွင်တယ်လို့ အေဂျင်စီလုပ်ငန်းနဲ့နီးစပ်သူတွေကသုံးသပ်ပါတယ်။

“စကစ အနေနဲ့ပြည်ပရောက်လုပ်သားတွေရဲ့လွှဲပို့ငွေကို စိတ်ဝင်တစားရှိနေပေမယ့် ထိထိရောက်ရောက်လုပ်နိုင်ဖို့ကမလွယ်ဘူး၊အရင်ခေတ်အဆက်ဆက်ကလည်း တရားဝင်ငွေလွှဲရေးကြိုးစားခဲ့ကြဖူးတယ်၊အလုပ်မဖြစ်ခဲ့ဘူး”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တဦးကပြောပါတယ်။

ပြည်ပရောက်လုပ်သားတွေရဲ့ ပြန်လည်လွှဲပို့ငွေတွေကိုတရားဝင်လမ်းကြောင်းကနေ လွှဲပို့မယ်ဆိုရင်နိုင်ငံခြားငွေ ပိုမိုရရှိစေမှာဖြစ်တယ်လို့ စစ် ကောင်စီအလုပ်သမားဝန်ကြီးက ဒီကနေ့အစည်းအဝေးမှာပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပရောက်လုပ်သားတွေရဲ့​လွှဲပို့ငွေနဲ့ပတ်သက်လို့ ပင်လယ်ကူးသင်္ဘောသားတွေရဲ့လစာငွေကိုစတင်ချုပ်ကိုင်နေပြီး သင်္ဘောလိုင်းတွေက သင်္ဘောသားတွေရဲ့လစာငွေကို ဘဏ်အကောင့်ထဲကျပ်ငွေပြောင်းထည့်တဲ့နည်းလမ်းအ သုံးပြုလာနေတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းကသိရပါတယ်။

ဒါ့အပြင် ပြည်ပရောက်အလုပ်သမားတွေအနေနဲ့ မိသားစုဆီအချိန်မှန်ငွေလွှဲဖို့ဆိုတာအဆင်မပြေနိုင်သလို တခြားအခက်အခဲတွေလည်းအများအပြားရှိတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

“ဘဏ်သွားပြီးငွေလွှဲဖို့ဆိုတာအချိန်နဲ့ဘာသာစကားအခက်အခဲရှိတယ်၊ပြီးတော့ ဘဏ်ရဲ့ ငွေစျေးနဲ့ပြင်ပစျေးကွာဟမှုက လည်းစဥ်းစားစရာဖြစ်တယ်”လို့ မလေးရှားရောက်မြန်မာလုပ်သားတဦးကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လစဥ်အလုပ်ရနေမယ်ဆိုပြီး အာမခံချက်ရှိမနေသလို ကိုယ့်သဘောနဲ့ကိုယ်သွားရောက်လုပ်ကိုင်နေသူတွေအတွက် မိသားစုဆီငွေပြန်လွှဲမလွှဲက ကာယကံရှင်ရဲ့သဘောဆန္ဒဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“မလုပ်မရှိလို့ပိုက်ဆံမရတဲ့လဆိုရင် သူတို့ကပြန်ထောက်ပံ့မှာမို့လို့လား၊ကိုယ့်ပိုက်ဆံကိုယ်စုထားလို့ရောမရဘူးလား”လို့ သူကမေးခွန်းထုတ်ပါတယ်။

ပြည်ပနိုငံအသီးသီးမှာ တရားဝင်မြန်မာလုပ်သား သုံးသန်းနီး ပါးရောက်ရှိလုပ်ကိုင်နေကြတာဖြစ်ပြီး သူတို့ရဲ့ နိုင်ငံခြားဝင်ငွေက စစ်ကောင်စီအတွက်မက်လောက်စရာဖြစ်နေစေတာလို့ အလုပ်သမားအရေးနဲ့စီးပွားရေးရာကျွမ်းကျင်သူတွေကပြောပါတယ်။

ဒါပေမယ့် မြန်မာအလုပ်သမားအများစုဟာ တရား ဝင်ငွေလွှဲစနစ်ထက် ဟွန်ဒီအပါအဝင်တခြားအဆင် ပြေရာနည်းတွေနဲ့ ငွေလွှဲပို့နေတာကြောင့် စစ်ကောင် စီမျှော်လင့်နေတဲ့ နိုင်ငံခြားငွေရရှိရေးရည်ရွယ်ချက်အလှမ်းဝေးနေတာကြောင့်အာဏာနဲ့ဖိအားပေးထိန်းချုပ်မှုတွေလုပ်လာနိူင်တယ်လို့ လေ့လာသူတွေကပြောကြပါတယ်။