အင်းတော်မှာ တိုက်ပွဲအနီး ရောက်လာတဲ့ ကားတစီး ပစ်ခတ်ခံရလို့ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

သြဂုတ်၊ ၂
 
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်၊ နဘားလမ်းဆုံမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးသို့ ရောက်ရှိလာတဲ့ လိုက်ထရက်ကားကို စစ်ကောင်စီတပ်တွေက စစ်ဆေးရန် တားဆီးစဉ် ရပ်မပေးလို့ဆိုပြီး ပစ်ခတ်ခဲ့လို့ တဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ တိုက်ပွဲဖြစ်တာက နဘားလမ်းဆုံမှာ ဒီမနက်ပိုင်းမှာ ဖြစ်နေတာပေါ့။ အဲနေရာကို ကျွံ့ဝင်လာတဲ့ လိုက်ထရက်ကားကို စစ်ကောင်စီတပ်က လူတွေက တားလိုက်တာ၊ ရပ်မပေးလိုဆိုပြီး ပစ်လိုက်တာပါ။ ကားသမားကတော့ နေရာမှာတင် သေဆုံးသွားတယ်။ ကျန်နှစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရသွားတယ် ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပေမယ့် လက်ရှိမှာ သူတို့သုံးဦးကို လိုက်ထရက်ကားနဲ့ပဲ ကသာမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး မန္တလေးကို ပြန်သယ်ဖို့ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီဒေသခံက ဆိုပါတယ်။
 
အင်းတော်မြို့နယ် နဘားလမ်းဆုံကို ဒီကနေ့မနက် ၆ နာရီလောက်မှာ အင်းတော်မြို့ရှိ ခမရ (၄၁၆) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ခုနှစ်ဆယ်လောက်က ခရီးသွားတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြတာပါ။
 
အဲဒီစစ်ဆေးတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF အဖွဲ့တွေက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
ဒါ့အပြင် တိုက်ပွဲအပြီးမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ပြန်လည်ဆုတ်ခွာသွားပေမယ့် စစ်ကောင်စီတပ်တွေကတော့ အဲဒီအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ဘယ်လောက်အထိ သေဆုံး၊ ဒဏ်ရာရခဲ့တယ်ဆိုတာကိုတော့ DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
လတ်တလောမှာလည်း စစ်ကောင်စီတပ်တွေက နဘားလမ်းဆုံမှာ ပြန်လည်ဆုတ်ခွာသွားခြင်း မရှိသေးဘဲ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေ လုပ်နေတဲ့အတွက် တိုက်ပွဲတွေ ထပ်မံဖြစ်ပေါ်လာနိုင်သေးတယ်လို့ ဆိုကြပါတယ်။
 
အလားတူပဲ အင်တော်မြို့နယ်အတွင်းရှိ မော်တိတ်ဒေသက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေက ဒီနှစ်မတ်လလောက်ကတည်းက အထိုင်ချနေထိုင်နေတဲ့အတွက် အောင်းကုန်း၊ အင်ပင်၊ နန့်သာ၊ မော်တိတ်နဲ့ ရွာသာယာကျေးရွာက ဒေသခံငါးထောင်ကျော်လောက်ဟာ လက်ရှိအချိန်အထိ နေရပ်ကိုစွန့်ခွာပြီး စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အဲဒီမော်တိတ်ဒေသမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒေသခံတွေက အခုထိ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်ကလည်း မော်တိတ်ဒေသက စစ်ရှောင်တွေ ဖြစ်ကြတဲ့ နန့်သာရွာသား အသက် နှစ်ဆယ်ကျော်အရွယ်ရှိတဲ့ ကိုပေါ်လွင်ဦး နဲ့ အင်ပင်ရွာသား အသက် သုံးဆယ်ကျော်အရွယ် ကိုတင်မျိုးမြင့် တို့နှစ်ဦးဟာ ဆိပ်သာရွာကို ဝက်ရောင်းပြီးအပြန် သူတို့ရဲ့လယ်ယာမြေတွေကို သွားရောက်ကြည့်ရှုစဉ် စစ်ကောင်စီရဲ့ နင်းမိုင်းထိမိပြီး သေဆုံးခဲ့ပါတယ်။
 
ဓာတ်ပုံ – Indaw Revolution (IR)