ရန်ကုန် စက်သုံးဆီဈေး ဆယ်ရက်အတွင်း ရှစ်ဆယ်ကျပ်ကနေ ၂၅ဝ ကျပ်အထိ စျေးတက်

သြဂုတ်၊ ၂
 
ရန်ကုန်မြို့က စက်သုံးဆီ ဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကနေ ဒီနေ့ထိ ဆယ်ရက်အတွင်း အနည်းဆုံး ရှစ်ဆယ်ကျပ်ကနေ အများဆုံး ၂၅၀ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့ ဓာတ်ဆီရောင်းဝယ်နေသူတွေနဲ့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။
 
“ ပြီးခဲ့တဲ့ ရက်ကနေ ခုထိဆို ဆယ်ရက်လောက်ပေါ့။ ဆယ်ရက်အတွင်းကို ဆီဈေးက တလီတာကို တရာလောက်နီးပါးလောက် တတ်တာပေါ့။ လကုန်ကနေ အခုထိဆိုရင် သုံးရာ၊ ၃၅၀ လောက် တတ်သွားတာပေါ့။ ဈေးက တတ်နေတာပဲ၊ ကျတဲ့နေ့ကို မရှိဘူးဗျ၊ အဲ့လိုဖြစ်နေတာ။ ဒေါ်လာဈေးတက်တော့ ဆီဈေးတတ်မှာပဲလေ ထုံးစံပဲဗျ “ လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
 
စစ်ကောင်စီက နှစ်သောင်းကျပ်တန်ငွေစက္ကူ ထုတ်ဝေမယ်လို့ ကြေညာတဲ့ ဇူလိုင်လ ၂၃ ရက်ကနေ ရွှေ၊ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေစျေး၊ အထွေထွေစျေးနှုန်း တွေ တက်လာသလို စက်သုံးဆီ စျေးနှုန်းတွေလည်း လိုက်ပါမြင့်တက်နေတာပါ။
 
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်က 92 (Octane) တလီတာကို ၂၁၇၅ ကျပ်ကနေ တရက်ထက် တရက်ဈေး မြင့်တက်လာခဲ့ပြီးနောက် သြဂုတ်လ ၂ ရက် ဒီနေ့ မှာတော့ ၂၂၅၅ ကျပ်အထိ ဈေးရှိနေပြီး ဆယ်ရက်အတွင်းကို ရှစ်ဆယ်ကျပ် စျေးမြင့်တတ်ခဲ့တာပါ။
 
အလားတူပဲ 95 တလီတာကို ၂၂၉၀ ကျပ်ကနေ ၂၃၇ဝ ကျပ်ဖြစ်လာပြီး ရှစ်ဆယ်ကျပ်၊ ရိုးရိုးဓာတ်ဆီ တလီတာကို ၂၁၅၅ ကျပ် ကနေ ၂၄၀၅ ကျပ်ဖြစ်လာပြီး ၂၅ဝ ကျပ်၊ ပရီမီယမ် ဓာတ်ဆီ တလီတာကို ၂၂၃၅ ကျပ် ကနေ ၂၄၈၅ ကျပ်ဖြစ်လာပြီး ၂၅၀ ကျပ် မြင့်တက်ခဲ့ပါတယ်။
 
” ကျနော့်ကားဆို အရင်က 95 အပြည့်ထည့်ရင် လေးသောင်း၊ လေးသောင်းခွဲ လွန်ရောပဲ။ အခုဆို ခြောက်သောင်းဖိုးလောက် ထည့်ရတယ်။ မလိုအပ်ရင် သွားဖို့တောင်မလွယ်ဘူး ” လို့ ရန်ကုန်၊ စမ်းချောင်းဒေသခံတဦးက ပြောပါတယ်။
 
အခုလို စက်သုံးဆီဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တတ်လာတာကြောင့် အုံနာခ ပေးမောင်းရတဲ့ အငှားယာဉ်မောင်းတွေအဖို့ အခက်အခဲတွေ ရှိလာတဲ့အတွက် CNG ဂတ်စ်ကား ပြောင်းမောင်းလာတဲ့သူတွေ ပိုများလာတယ်လို့လည်း သိရပါတယ်။
 
“ ကျွန်တော်ဆို အရင်ဆီကားမောင်းတာ ဒီလမှ ဂတ်စ်ကားချိန်းလိုက်တာ။ ဘယ်လိုပြောရမလဲ ဆီကားကျတော့ အုံနာခနဲ့ ဆီဖိုးနဲ့ကို နှစ်သောင်းကျော်လောက်ကျတယ်။ သူတို့အတွက် အရင်ရှာရတာ ကိုယ့်အတွက်က ကျန်တာနည်းတယ်။ ဂတ်စ်ကားကျတော့ ဆီဖိုးသက်သာတယ်။ ဒါပေမယ့်ဗျာ အခက်အခဲက အင်း .. သူ့ဒုက္ခနဲ့ သူရှိတာပဲ၊ ဂတ်စ်ထည့်ရင် တန်းစီရတော့ အချိန်တော့ကုန်တာပေါ့ “ လို့ ရန်ကုန်မြို့က ဂတ်စ်ကားမောင်းနှင်သူတဦးက ပြောပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီက ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်နဲ့ တင်သွင်းမှု အချိုးမျှတမှု ရှိနေလို့ စက်သုံးဆီစျေး တည်ငြိမ်နေကြောင်း၊ အချို့ ဝိသမ လောဘသား လုပ်ငန်းရှင်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ စျေးတင်ရောင်းနိုင်ဖို့ ကောလဟလ ဖန်းတီးနေတယ်လို့ ဇူလိုင်လ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။
 
မြန်မာနိုင်ငံမှာ ကားအစီးရေ တသန်းကျော်နဲ့ ဆိုင်ကယ် ခြောက်သန်းခွဲကျော် ရှိပြီး တနှစ်ကို စက်ဆုံးဆီတန်ချိန် လေးသန်းကျော် တင်သွင်းနေရကာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံဝန်းကျင် နှစ်စဉ်ကုန်ကျနေတာဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media