သြဂုတ်၊ ၂
လေပိုင်နက် ကျူးကျော် ချိုးဖောက်ခံရတယ်လို့ စွပ်စွဲပြီး ပိုလန်က ဘီလားရုစ်နဲ့ နယ်စပ်ဆီ စစ်တပ်တွေ အင်အားဖြည့် ပို့ဆောင်ခဲ့ပါတယ်။
ပိုလန် စစ်တပ်က နိုင်ငံရဲ့ အရှေ့ဖက်စွန်း နယ်စပ်ကို ဘီလားရုစ်ဖက်က စစ်ရဟတ်ယာဉ်တွေ နယ်နိမိတ်ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဘီလားရုစ် နိုင်ငံကို ရုရှားကနေ ပြောင်းရွှေ့ အခြေစိုက်လာတဲ့ Wagner တပ်ဖွဲ့တွေကို အကြောင်းပြုပြီး ပိုလန်နဲ့ ဘီလားရုစ်တို့ကြား ဆက်ဆံရေး တင်းမာနေချိန်မှာ အခုပြဿနာမျိုး ထပ်ကြုံလာတာ ဖြစ်ပါတယ်။
ပိုလန် အစိုးရက Wagnerတွေ အိမ်နီးချင်းနိုင်ငံ ဘီလားရုစ်ကို ရောက်ရှိနေတာဟာ ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲထားပါတယ်။ ပိုလန်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး ဘီလားရုစ်ကတော့ NATOရဲ့ ခါးသီးပြိုင်ဘက် ရုရှားရဲ့ အရင်းနှီးဆုံး မဟာမိတ်ပါ။
အခုသီတင်းပတ် အစောပိုင်းမှာ ပိုလန် နယ်စပ်ကို စစ်ရဟတ်ယာဉ်တွေ ကျူးကျော် ပျံသန်းစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဘီလားရုစ်ဖက်ကတော့ အတိအလင်း ငြင်းဆိုထားပါတယ်။
အစောပိုင်းတုန်းက ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ပိုလန်နဲ့ နယ်စပ်နားမှာ Wagner အဖွဲ့သားတွေကို နေရာချထားပေးကြောင်း ပြောကြားပြီး ပိုလန်ရဲ့ စိုးရိမ်မှုကို လှောင်ပြောင် သရော်ခဲ့ပါတယ်။ Wagnerတွေဟာ ရုရှားမှာ မအောင်မြင်တဲ့ ပုန်ကန်မှုတခု အပြီး နှစ်ဖက် စေ့စပ်သဘောတူညီမှုတွေအရ ဘီလားရုစ်ကို ပြောင်းရွှေ့ အခြေစိုက်ခဲ့ပါတယ်။ ပြီးတော့ ဘီလားရုစ် စစ်တပ်ကိုလည်း လေ့ကျင့် သင်တန်းပေးမှုတွေ တာဝန်ယူထားပါတယ်။
အစောပိုင်းတုန်းက ပိုလန် အစိုးရဟာ နယ်စပ် ကျူးကျော်ခံရတဲ့ ကိစ္စကို အတည်မပြုနိုင်ကြောင်း ပြောခဲ့ပေမယ့် နောက်တော့ အရမ်းနိမ့်နိမ့်ပျံတဲ့ ရဟတ်ယာဉ်တွေကြောင့် ရေဒါတွေက ထောက်လှမ်းလို့ မရနိုင်ခဲ့တာလို့ ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ ဘီလားရုစ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ပိုလန်ရဲ့ စွပ်စွဲချက်ကို ငြင်းဆန်ပြီး ပိုလန် အစိုးရဟာ နိုင်ငံရပ်ခြားက သူတို့ရဲ့ ဆရာတွေ ညွှန်ကြားတဲ့အတိုင်း မဟုတ်မမှန်တွေ ပြောဆိုနေတာသာ ဖြစ်တယ်လို့ တုံံ့ပြန်ပါတယ်။ ဘီလားရုစ်ဟာ အမေရိကန်နဲ့ NATOတို့ကို ရည်ညွှန်းပြီး နောက်ကွယ်က ကြိုးကိုင်နေတာလို့ ပုတ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားရော၊ ဆိုဗီယက် အစိတ်အပိုင်းဟောင်းဖြစ်တဲ့ ဘီလားရုစ်ပါ ပိုလန်နဲ့ သမိုင်းကြောင်းအရ အားပြိုင်မှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပိုလန်ဟာ ဘီလားရုစ်နဲ့ နယ်စပ်ပြဿနာတွေ ဖြစ်လာအောင် မီးမွှေးပြီး ဘီလားရုစ်အပြင် ရုရှားကိုပါ တိုက်ခိုက်ဖို့ ကြံစည်နေနိုင်ကြောင်း လက်ဆုပ်လက်ကိုင် အထောက်အထား မရှိဘဲ စွပ်စွဲခဲ့ပါသေးတယ်။
ဘီလားရုစ်ကို ရောက်နေတဲ့ Wagner တပ်ဖွဲ့ဝင် ဦးရေကို တိတိကျကျ မသိရသေးပေမယ့် ပိုလန်ကတော့ နယ်စပ်မှာ တပ်တွေ ပိုမို ဖြန့်ကျက်ပြီး လုံခြုံရေး အစီအမံတွေ တင်းကျပ်နေပါတယ်။ ပိုလန်ဟာ နိုင်ငံ အတွင်းပိုင်းမှာ တပ်စွဲထားတဲ့ စစ်အင်အား ၁၀၀၀ လောက်ကို နယ်စပ်နဲ့ ပိုနီးတဲ့နေရာဆီ ရွှေ့ပြောင်းစေခဲ့သလို နောက်ထပ် အားဖြည့်ဖို့လည်း ပြင်ဆင်နေကြောင်း သိရပါတယ်။
Ref: Reuters