ရေဦးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် နှစ်တန်းကျောင်းသူတဦးသေဆုံး

ဩဂုတ် ၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ရေဦးမြို့နယ် ရှော်ဖြူကျေးရွာအတွင်း လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲကာ နှစ်တန်းကျောင်းသူ တဦးသေဆုံး သွား တယ်လို့ ရေဦးမြို့နယ် အခြေစိုက် Pepole’s Defence Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) ကDNAကို ပြောပါတယ်။

 ဒီပဲယင်းအခြေစိုက် စစ်ကောင်စီတပ်က မနေ့က ညနေပိုင်းမှာ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာဖြစ်ပြီး ရှော်ဖြူ ကျေးရွာတောင်ပိုင်းမှာ လက်နက်ကြီးကျည်တလုံး၊ဘုန်းကြီးကျောင်းအတွင်း တလုံးကျရောက်ပေါက်ကွဲခဲ့တယ် လို့သိရပါတယ်။

 “နှစ်တန်းကျောင်းသူမိန်းကလေး လက်နက်ကြီးထိမှန်ပြီးပေါင်မှာသွေးထွက်လွန်ပြီး ဆေးကုသရင်းဆုံးခဲ့တယ်” လို့ ကိုထူးခန့်ဇော် (အမေ့သား) ကပြောပါတယ်။

 လက်နက်ကြီးကျည်ထိမှန်သွားတဲ့ မိန်းကလေးဟာ ပေါင်မှာ ဒဏ်ရာရကာ သွေးထွက်လွန်ခဲ့တာကြောင့် မနေ့က ညပိုင်းမှာ ဆေးရုံတင်ပို့ကုသဖို့ ကြိုးစားခဲ့ပေမယ့် ဆေးရုံအရောက်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

 စစ်ကောင်စီတပ်က ဘာကြောင့် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘဲ ဇူလိုင် ၃၀ရက် ညနေပိုင်းကတော့ ဒီပဲယင်းမြို့အနောက်ဘက်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တခုကို ဒေသကာကွယ်ရေး တပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးသလို သေနတ်လေးလက်၊ခဲယမ်းတွေနဲ့ အသုံး အဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တိုက်ခိုက်မှုလုပ်ခဲ့တဲ့ ယင်းမာပင်နဲ့ ဒီပဲယင်းအခြေစိုက် ကာကွယ်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။

မနေ့ကညနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေဟာ ရေဦးမြို့နယ် တောင်ဘက်ခြမ်းကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးခဲ့ပြီး အဲ့ဒီစစ်ကြောင်းက  အနီးဝန်းကျင်ရွာတွေဘက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခဲ့ကြသလို ရေဦးမြို့တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ တယ်လို့ Pepole’s Defence Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) ကပြောပါတယ်။

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၇၀၈ နဲ့ ၇၀၂ က အင်အား ၁၀၀ ကျော်ပါဝင်တဲ့အဲဒီ စစ်ကြောင်းဟာ ခင်ဦး နယ် အင်တိုင်းကြီးရွာကိုမီးရှို့ပြီး နောက် မူးသာကုန်းဘက်ကနေ ပိဋကတ်ကျ၊ဇိန့်ဇွန်းရွာစတဲ့ မူးမြစ်ကမ်းဘေး ရွာ တွေဘက်ကို စစ်ကြောင်း ထိုးဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ပိဋကတ်ကျရွာမှာ တပ်စွဲထားတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဒီကနေ့မှာတော့ ပိဋကတ်ကျရွာဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးထားတဲ့ အမျိုးသားတဦးကို အင်္ကျီချွတ်ကာ လက်ပြန်ကြိုးတုပ် ရိုက်နှက်စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။ဖမ်းဆီးခံရသူဟာ ဘယ်သူဆိုတာတော့ မသိရသေးပါဘူး။

အဲ့ဒီစစ်ကြောင်းကြောင့် ရွာသာလေး ၊ မူးသာကုန်း၊ ကုက္ကိုလ်စု၊ ပေါက်သာ၊ ဆည်ကြီး ၊ ပိဋကတ်ကျ၊ ဇိန့်ဇွနန်း၊ ချောင်းပေါက် စတဲ့ရေဦးနယ်ကရွာတွေနဲ့ ဒီပဲယင်းနယ် အရှေ့ခြမ်းက မဲအိုး၊လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မူးကတွင်း၊ အောင်ချမ်းသာ၊ သရက်တော၊ နှဘဲလှ၊ ကံကုန်း၊ဝဲကြီး၊ညောင်လှ၊ လက်ဆည်၊ သပြေသာ၊ ကုန်းကြီး စတဲ့ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ သောင်းချီဟာ မနေ့ကညကနေ လက်ရှိချိန်ထိထွက်ပြေးတိမ်းရှောင်နေရ တယ်လို့သိရပါတယ်။

photo ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး