NUG စိုးမိုးနယ်မြေမှာ နှစ်သောင်းတန်ငွေသုံးစွဲရင် အရေးယူမယ်လို့သတိပေး

သြဂုတ် ၊ ၁

အာဏာသိမ်းစစ်ကောင်စီကဇူလိုင်လ ၃၁ ရက်က အသစ်ထုတ်ဝေလိုက်တဲ့ ငွေစက္ကူနှစ်သောင်းတန်ကို ထိန်းချုပ် စိုးမိုး နယ်မြေထဲမှာ တွေ့ရှိခဲ့ရင် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG )လက်အောက်ခံတော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကြားကာလ ဗဟိုဘဏ် က   စစ်ကောင်စီ က ထုတ်ဝေတဲ့ အဆိုပါနှစ်သောင်း ကျပ်တန်ငွေစက္ကူကို တရားမဝင်ငွေကြေး အဖြစ်သတ်မှတ်ကြောင်း ဇူလိုင်လ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။

“ ကျွန်တော်တို့ပြည်သူတွေနောက်ထပ် အကျိုးစီးပွားနစ်နာမှာစိုးတဲ့အတွက် အခုလိုထုတ်ပြန်ပြီးကြိုတင်ကာကွယ်ရခြင်းဖြစ်ပါတယ်။ ဆိုတော့စစ်ခွေးကတော့ သူအလုပ်သူလုပ်ပေမယ့် ကျွန်တော်တို့က လည်းကျွန်တော်တို့အလုပ်လုပ်ဖို့ ကျွန်တော်တို့ လုပ်ကြရတာဖြစ်ပါတယ် “ လို့ ရေဦးမြို့နယ်၊စစ်ကိုင်းတိုင်းအမတ်ဦးမြင့်ထွေးကပြောပါတယ်။

 အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးနယ်မြေထဲ မှာ ပြည်သူတွေအနေနဲ့   နှစ်သောင်းတန်ငွေစက္ကူကို သတိလက်လွတ် ကိုင်ဆောင်ခဲ့မယ်ဆိုရင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ အနေနဲ့ အရေးယူလို့ရတဲ့အ‌ခြေနေရှိတယ်ဆိုတာ ပြည်သူတွေအနေနဲ့သိစေချင်လို့  အခုလို သတိ‌ပေးခြင်းဖြစ်တယ်လို့ လည်းဆိုပါတယ်။

လက်ရှိကာလဟာ သာမန်အခြေနေမဟုတ်ဘဲ တော်လှန်ရေးကာလဖြစ်တဲ့အတွက်  စနစ်တခုကို အပြီးအပြတ် ပြောင်းလဲဖို့သွားတဲ့ ကာလမှာ ပြည်သူ့အစိုးရချမှတ်တဲ့ စည်းကမ်းတွေကို   ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးမှ တော်လှန်ရေးမြန်မြန်အောင်မြင်နိုင်မယ်လို့ ဦးမြင့်ထွေးကပြောထားပါတယ်။

စစ်ကောင်စီက ထုတ်ဝေတဲ့ နှစ်သောင်းတန်ငွေစက္ကူကိုင်ဆောင်ရင် အရေးယူမယ်ဆိုတာ ရေဦးမြိုု့နယ်တင်မဟုတ်ဘဲ တခြားပြည်နယ်နဲ့ တိုင်းတွေက NUGအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက  လုပ်ဆောင်ဖို့စီစဉ်နေတယ်လို့ ဆိုကြပါတယ်။

‘’စစ်ကောင်စီကထုတ်တဲ့ပိုက်ဆံကိုင်ဆောင်တာတို့ဘာတို့ဆိုရင်လည်း ကျွန်တော်တို့အကြမ်းဖက်မှု ဥပဒေနဲ့ပဲ အရေးယူမယ်လို့တော့ ကျွန်တော်တို့စဉ်းစားထားတယ်။သေချာတော့မဆုံးဖြတ်ရသေးဘူး”လို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် NUGအစိုးရကတရားမဝင်ကြေညာထားတဲ့ နှစ်သောင်းတန်ကို လက်ဝယ်ထားတာ၊ သယ်ဆောင်တာ၊ သုံးစွဲတာ၊လက်ခံရယူတာကိုခွင့်မပြုဘူးဆိုတာကို ကြေညာထုတ်ပြန်ဖို့ ဆွေးနွေးနေတယ်လို့စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ကိုဇော်ထက်က ပြောပါတယ်။

‘’အရေးယူမှုကတော့ကျွန်‌တော်တို့ဆွေးနွေးတုန်းဗျ ။ လူကိုပဲပစ်ဒဏ်ချမှာလား ၊ငွေကြေးကိုသိမ်းဆည်းမှာလားဆိုတဲ့အပိုင်းတော့ရှိတယ်။ အဲ့ဒါကိုကျွန်တော်တို့ထပ်ဆွေးနွေးဦးမယ်” လို့ ဆက်ပြောပါတယ်။

ပြည်သူတွေ လက်ခံထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်ကို ပြည်သူတွေအနေနဲ့ လိုက်နာချင်ပေမယ့်လည်းအခက်အခဲတွေရှိနေတယ်လို့ စစ်ကိုင်းတိုင်းအတွင်း စစ်‌ရှောင်ကူညီပေးနေသူ အမျိုးသား တဦးကပြောပါတယ်။

“ သူတို့(ပြည်သူ) လက်ခံထားတဲ့ အစိုးရက NUG အစိုးရလေ ။NUG အစိုးရရဲ့ထုတ်ပြန်ချက်ကို လိုက်နာချင်ကြတယ်။သို့ပေမယ့် မြို့ထဲမှာရှိတဲ့စစ်ကောင်စီနဲ့အနီးနားမှာရှိတဲ့ပြည်သူတွေကျတော့ဘယ်လိုလုပ်မလဲ ၊ဒီနှစ်သောင်းတန် ကို လက်မခံဘူးဆိုရင်စစ်ကောင်စီက အရေးယူတာတွေလုပ်လာမယ်လေ ၊ ပြည်သူတွေကတော့ကြားညှပ်နေတာပေါ့  “ လို့ အဲဒီအမျိုးသားက ပြောပါတယ်။