သြဂုတ်၊ ၁
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့အထိ စစ်ကောင်စီက လုပ်လာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းချက်တွေ ရှိခဲ့ပေမယ့် စစ်ကောင်စီကတော့ သူမကို ချမှတ်ထားတဲ့ ထောင်ဒဏ် နှစ်သုံးဆယ်ကျော်ထဲက ခြောက်နှစ်ကိုပဲ ဒီကနေ့မှာ လျှော့ပေးခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ အမှုငါးမှုရဲ့ လက်ကျန်ပြစ်ဒဏ်တွေကို လွတ်ငြိမ်းသက်သာခွင့်ပြုတယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သမ္မတဦးဝင်းမြင့်ကိုတော့ အမှုနှစ်မှုအတွက် လက်ကျန်ပြစ်ဒဏ်တွေ လွတ်ငြိမ်းခွင့်ပေးတယ်လို့ ဆိုပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှာ ထောင်ဒဏ်လေးနှစ် စတင်ချမှတ်ခဲ့ပြီး အဲဒီနေ့မှာပဲ နှစ်နှစ်စီ ပြန်လျှော့ပေးခဲ့ပါတယ်။
အဲ့ဒီနောက် အမှုတွေ ဆက်လက်စွဲဆိုပြီး ထောင်ဒဏ်တွေ ချမှတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က စုစုပေါင်း ၃၃ နှစ်၊ သမ္မတ ဦးဝင်းမြင့်က ၁၂ နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီက သူတို့နှစ်ဦးလုံးရဲ့ ထောင်ဒဏ်တချို့ကို လျှော့ပေးလိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ထောင်ဒဏ် ၂၇ နှစ်၊ သမ္မတ ဦးဝင်းမြင့်က ထောင်ဒဏ် ၁၀ နှစ် ဆက်လက်ကျန်ရှိနေပါသေးတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်တောင် တော်လှန်ရေးမူဝါဒတွေ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ မနေ့က ထုတ်ဖော်ပြောဆိုထားပါတယ်။