အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ခွင့်ပေးဖို့ နိုင်/ကျဉ်းကွန်ရက် တောင်းဆို

သြဂုတ်၊ ၁
 
မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထောင်ချခံထားရတဲ့ အကျဉ်းသားတွေကို သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PP Network-Myanmar ) က တောင်းဆိုလိုက်ပါတယ်။
 
“ အကျဉ်းထောင်တွေမှာ ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ ပက်သက်ပြီး မိသားစုတွေက စိတ်ပူနေကြတယ်။ အဲ့လိုပဲ အကျဉ်းသားတွေက ထောင်ထဲမှာ မွန်းကျပ်မှုတွေနဲ့ နေရတဲအခါ သူတို့မိသားစုတွေနဲ့ တွေ့ဆုံပေးခြင်းအားဖြင့် အထဲမှာရှိတဲ့ နိုင်ကျဉ်းတွေလည်း စိတ်သက်သာမှု ရနိုင်တယ်။ မိသားစုတွေကလည်း စိုရိမ်ပူပန်မှုကနေ ကင်းဝေးနိုင်တယ်။ ဒါကြောင့် တောင်းဆိုပေးတာပါ ” လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရ ဦးသိုက်ထွန်းဦး က DNA ကိုပြောပါတယ်။
 
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင်က အကျဉ်းသား ၃၇ ဦးကို ခေါ်ထုတ်သွားပြီး ၁၂ ဦးထက်မနည်း သေဆုံးတဲ့ ဖြစ်စဉ်နဲ့ အခြားအကျဉ်းထောင်အချို့မှာ အကျဉ်းသားတွေ သေဆုံးမှုအချို့ ရှိတာကြောင်း အကျဉ်းသားမိသားစုတွေက စိုးရိမ်မှုတွေ ရှိနေကြတာပါ။
 
” ပြောရရင် စသိမ်းတဲ့နေ့ မနက်က သမီးအဖေကို ဖမ်းသွားတာ။ အခုထိ တခါမှမတွေ့ရသေးဘူး။ မေမေကတော့ ပုံမှန်ထောင်ဝင်စာတွေ့ရပါတယ်။ ဖြစ်နိုင်ရင်တော့ တွေ့ချင်တာပေါ့ ” လို့ မန္တလေးမြို့က နိုင်ကျဉ်းမိသားစုဝင်တဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တုန်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချူပ်နိုင်ရန်အတွက် အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ဆုံခွင့် ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်တွေနဲ့ ပိတ်ပင်ခဲ့တာပါ။
 
အဲဒီနောက်ပိုင်း အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးတဲ့အထိ လက်ရှိအာဏာသိမ်းစစ်ကောင်စီက ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှု မရှိသလောက်နည်းသွားပေမယ့် ရောဂါအကြောင်းပြပြီး ထောင်ဝင်စာတွေ့ဆုံခွင့်ကို ပိတ်ပင်ထားဆဲဖြစ်တယ်လို့ ဦးသိုက်ထွန်းဦးက ပြောပါတယ်။
 
” အကျဉ်းထောင်လက်စွဲမှာလည်း သူတို့စည်ကမ်း လိုက်နာရင် မိသားစုတွေနဲ့ တွေ့ခွင့်ပေးရမယ်ဆိုတဲ့ အချက်တွေ ပါတဲ့အတွက်ကြောင့် အကျဉ်းသားတွေရဲ့ အခွင့်အရေးကို ရစေချင်တာပါ ” လို့ ဦးသိုက်ထွန်းဦးက ဆိုပါတယ်။
 
မြန်မာနိုင်ငံလုံဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် က ဦးဆောင်ပြီးတော့ ထောင်ဝင်စာ တွေ့ခွင့်ရရေးအတွက် ဇူလိုင်လ ၃၁ ရက်မနေ့က ဓာတ်ပုံကမ်ပိန်း လုပ်ခဲ့ပြီး အဲဒီကမ်းပိန်ကို တလတကြိမ် ပြုလုပ်ဖို့ ရည်ရွယ်ထားသလို ပြည်သူလူထုနဲ့ သပိတ်ကော်မတီတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ကြဖို့ သူက တိုက်တွန်းထားပါတယ်။
 
“ သူတို့ လုပ်ပေးတာ မလုပ်ပေးတာ တပိုင်းပေါ့နော်။ ကျနော်တို့က အထဲကို အားပေးတယ်ဗျ။ အကျဉ်းထောင်ထဲမှာဆိုရင် သတင်းတွေ အမြဲတမ်းမျှော်တယ်။ သူတို့အတွက် ဘာတွေလုပ်ပေးနေကြသလဲဆိုတာ အကျဉ်းသားတွေက ထမင်းထက် သတင်းကို ပိုမျှော်ကြတယ်။ ဒါကြောင့်မို့လို့ သူတို့ကို မမေ့ဘူးဆိုတာလေးကို သိစေချင်လို့ အားလုံးလည်း သူတို့အတွက် အမြဲတမ်းတောင်းဆိုပေးနေစေချင်တယ် ” လို့ ဦးသိုက်ထွန်းဦးက ဆိုပါတယ်။
 
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကလည်း ပြီးခဲ့တဲ့ မတ်လတုန်းက အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံခဲ့စဉ် အကျဉ်းထောင်တွေထဲကို ဝင်ရောက်လေ့လာခွင့်အပါအဝင် အကျဉ်းသားတွေကို သူတို့မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုချိန်အထိ လိုက်လျောပေးတာ မရှိသေးပါဘူး။
 
“ တွေ့ခွင့်ရရင်တော့ သိပ်ကောင်းတာပေါ့ဗျ။ တွေ့လည်း တွေ့ချင်တယ်။ နေကောင်းလား ကျန်းမာရဲ့လား ဆိုတာ သိချင်တယ်။ မိသားစုနဲ့ တွေ့ရတယ်ဆိုတော့ ဘာပဲပြောပြော သူတို့ လိုအပ်တာလေးတွေလည်း လုပ်ပေးနိုင်သလို ကျန်းမာရေးကအစ သိရတာပေါ့နော်။ သူတို့ကို ရုံးထုတ်တုန်းကပဲ တွေ့ခွင့်ရလိုက်တယ်။ ထောင်ကျသွားပြီးနောက်ပိုင်း မတွေ့ရတော့ဘူး၊ ထောင်ထဲကို ပါဆယ်ပို့ခွင့်တော့ ရပါသေးတယ် ” လို့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
 
ဓာတ်ပုံ – နိုင်/ကျဥ်းကွန်ရက် (မြန်မာ)