ရေဖြူမှာ လူသားဒိုင်းအဖြစ် အဖမ်းခံထားရသူ လေးဆယ်ကျော်ထဲက နှစ်ဦးကို ဆက်ဖမ်းထား

သြဂုတ်၊ ၁
 
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု ထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားတဲ့ ဒေသခံ လေးဆယ်ကျော်ထဲက အများစု ပြန်လွတ်လာပြီး ဇူလိုင်လ ၃၁ ရက်မှာ နေအိမ်ပြန်လည်ရောက်ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” အမျိုးသားနှစ်ယောက်တော့ မလွတ်ဘဲ ကျန်ခဲ့တယ်၊ ကျန်တဲ့လူတွေ အကုန် အိမ်ပြန်ရောက်ကြပြီ။ လွှတ်တာက ဇူလိုင် ၃၀ ညနေ ခြောက်နာရီလောက်က လွှတ်တယ်၊ ညနေပိုင်းရောက်ပြီဆိုတော့ ပြန်မရတာနဲ့ ဘုန်းကြီးကျောင်းမှာ တညအိပ်လိုက်တာတဲ့၊ ခြေလျင်ပဲ ပြန်လွှတ်လိုက်တယ် ” လို့ ပြန်လွတ်လာသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အင်အား ၁၅၀ ခန့်ရှိတဲ့ ကံပေါက်ဒေသအခြေစိုက် တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်လ ၂၇ ရက် မနက်ပိုင်းမှာ ဇာဒီကျေးရွာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီကနေတဆင့် မိုင်နှစ်ဆယ်လောက်ဝေးတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် ရှိရာ နဘုလယ်ဒေသဘက်ကို ခြေလျင်စစ်ကြောင်းထိုးခဲ့တာပါ။
 
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းထိုး ဖြတ်သန်းသွားတဲ့ ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော်၊ ခရင်းချောင်း၊ ထွက်ဝကျေးရွာတွေက ဒေသခံလေးဆယ်ကျော်ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ခေါင်ပြန်ကျေးရွာက အမျိုးသားနှစ်ဦးကိုတော့ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ အဲဒီ ခေါင်ပြန်ကျေးရွာက အမျိုးသားနှစ်ဦးကို ပြန်မလွှတ်ဘဲ ဘာလို့ ဆက်လက်ဖမ်းဆီးထားတာလဲ ဆိုတာကိုတော့ မသိရပါဘူး။
 
ဒေသခံတွေကတော့ အဲဒီ ထားဝယ် အထူးစီးပွားရေးဇုန် တဝိုက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနေတာကြောင့် စစ်ကောင်စီတပ်က အရပ်သားတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းသွားတာလို့ ပြောပါတယ်။
 
” ဖမ်းထားတုန်းမှာတော့ နှိပ်စက်တာ မရှိဘူးတဲ့၊ လမ်းမှာတော့ တိုက်ပွဲဖြစ်တာ မရှိဘူး၊ ဖမ်းထားတဲ့သူတွေ ရှိနေတော့ PDF ဘက်ကလည်း မလုပ်တာဖြစ်မယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဖမ်းဆီးထားတဲ့ သူတွေကိုတော့ ထားဝယ် အထူးစီးပွားရေးဇုန်အနီးက ဘဝါကျေးရွာ အရောက်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ထားဝယ်အထူးစီးပွားရေးဇုန်ထဲက တပ်စခန်းတွေဆီ ရောက်ရှိနေပြီလို့ သိရပါတယ်။
 
ရေနက်ဆိပ်ကမ်းပါ ထည့်သွင်းတည်ဆောက်ထားတဲ့ အဲဒီထားဝယ်အထူးစီးပွားရေးဇုန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကို မကြာခဏ ခံရလေ့ရှိပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နဲ့ ၂၅ ရက်တွေကလည်း အဲဒီထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးရွာအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံး ရှိခဲ့ပါတယ်။
 
ဓာတ်ပုံ​ – Social Media
ပုံစာ – တနသာ်ရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး။ (ပုံဟောင်း)