တရုတ် နျူကလီးယား တပ်ဖွဲ့ အကြီးအကဲသစ်ကို သမ္မတ ရှီကျင့်ဖျင် ရွေးချယ်ခန့်အပ်

သြဂုတ်၊ ၁

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ရဲ့ နျူကလီးယား တပ်ဖွဲ့ အကြီးအကဲသစ်ကို သမ္မတ ရှီကျင့်ဖျင်က အတည်ပြု ခန့်အပ်လိုက်ပါတယ်။

PLAရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ရှီက ဇူလိုင် ၃၁ ရက်မှာ ဝမ်ဟူဘင်ကို PLA ဒုံးကျည်တပ်ဖွဲ့ရဲ့ ဦးစီး အရာရှိအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ဝမ်ဟာ PLA ရေတပ်ရဲ့ ဒုတိယ အကြီးအကဲဟောင်းဖြစ်ပြီး အခုတော့ ဒုံးကျည်တပ်ဖွဲ့ကို ဦးဆောင်တော့မှာပါ။

PLAရဲ့ ဒုံးကျည်တပ်ဟာ သမားရိုးကျ ဒုံးကျည်တွေအပြင် နျူကလီးယား ထိပ်ဖူးတပ် မဟာဗျူဟာ တိုက်ချင်းပစ်နဲ့ ပဲ့ထိန်း ဒုံးကျည်တွေကိုပါ ကိုင်တွယ်ရတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

ရှီဟာ ရှုရှီဆန်းကိုလည်း PLAရဲ့ နိုင်ငံရေးမှူးချုပ် ရာထူးမှာ ခန့်အပ်ခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။ ရှုရော၊ ဝမ်ပါ တရုတ် စစ်တပ်မှာ အမြင့်ဆုံး စစ်ဗိုလ်ချုပ် ရာထူးတွေဆီ အသီးသီး တိုးမြှင့်ပေးခြင်း ခံခဲ့ရပါတယ်။

ဝမ်ကို PLA ဒုံးကျည်တပ်ဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပေမယ့်လည်း အဲဒီတပ်ရဲ့ အရင် စစ်ဦးစီး အရာရှိဖြစ်သူ လီယူခိုက ရာထူးက နုတ်ထွက်လိုက်တာလား၊ ဒါမှမဟုတ် အရေးယူ ဖယ်ရှားခံလိုက်ရတာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဩဂုတ် ၁ ရက်မှာ ကျရောက်တဲ့ PLA စတင်တည်ထောင်မှု နှစ်ပတ်လည်နေ့ မတိုင်ခင် တရက်အလိုမှာ သမ္မတ ရှီက အခုလိုမျိုး အရေးပါတဲ့ ရာထူး အပြောင်းအလဲတွေကို လုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။ ရှီလက်ထက်မှာ PLAရဲ့ တိုက်ပွဲဝင် စွမ်းရည်နဲ့ စစ်ရေး နည်းပညာတွေကို မြှင့်တင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေသလို လက်တွေ့ စစ်ပွဲ ဖြစ်ပေါ်လာချိန်အတွက် အသင့်အနေအထား ပြင်ဆင်ထားနိုင်ဖို့လည်း ရှီက အစဉ်တစိုက် တိုက်တွန်း တောင်းဆိုထားခဲ့ပါတယ်။

 

Ref: CNA