သြဂုတ်၊ ၁
ယူကရိန်းဖက်က စစ်ရေးအသာစီး အခြေအနေတွေ ပီပြင်လာရင် ရုရှားက နျူကလီးယား လက်နက်တွေ ထုတ်သုံးနိုင်ခြေ ရှိတယ်လို့ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံး တဦးက အတိအလင်း ခြိမ်းခြောက် ပြောကြားသွားပါတယ်။
ရုရှား သမ္မတနဲ့ ဝန်ကြီးချုပ် ရာထူးတွေမှာ တာဝန်ယူခဲ့ဖူးပြီး ပူတင် အယုံကြည်ဆုံး လက်ရင်းတပည့် တဦးလို့ သတ်မှတ်ခံရသူ ဒီမစ်ထရီ မက်ဗီဒက်ဗ်က ယူကရိန်း လက်ရှိ အကောင်အထည် ဖော်နေတဲ့ တန်ပြန်ထိုးစစ် အောင်မြင်လာပြီး ရုရှား ပိုင်နက်ကိုပါ ထိပါးလာပြီ ဆိုရင်တော့ နျူကလီးယား လက်နက်တွေကို စစ်ပွဲဆီ ယူဆောင်လာရလိမ့်မယ်လို့ မက်ဗီဒက်ဗ်က ပြောပါတယ်။
NATO စစ်မဟာမိတ်တွေက ပံ့ပိုးမှုကြောင့် ယူကရိန်းရဲ့ ထိုးစစ် အရှိန်ကောင်းလာပြီး အောင်မြင်မှုတွေလည်း ရလာမယ့် အခြေအနေကို မှန်းဆကြည့်တဲ့အခါ ရုရှားပိုင်နက် နယ်မြေတချို့ စတင်ထိပါး သိမ်းယူခံရတဲ့ အဆင့်ထိ ရောက်ကောင်း ရောက်လာနိုင်ကြောင်း၊ အဲဒီ အချိန်ကျရင်တော့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်ဖို့အတွက် ရုရှားဟာ နျူကလီးယား လက်နက်တွေ ထုတ်သုံးဖို့ သေချာပေါက် ရွေးချယ်မှာဖြစ်ကြောင်း မက်ဗီဒက်ဗ်က ဆိုပါတယ်။
နျူကလီးယား စစ်မီးတောက်လောင်တဲ့ အခြေအနေကို မမြင်ချင်ရင်တော့ ရုရှားရဲ့ ရန်သူတွေကို မြှောက်ပေးနေသူတွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တာကို လုပ်ကြဖို့လိုကြောင်းလည်း သူက NATOကို ရည်ရွယ်ပြီး သတိပေး ပြောဆိုသွားခဲ့ပါတယ်။
မက်ဗီဒက်ဗ်ဟာ ယူကရိန်း စစ်ပွဲ ကာလတလျှောက်မှာလည်း လိုအပ်ရင် နျူကလီးယားလက်နက်တွေ အသုံးပြုမယ်ဆိုတဲ့ စကားမျိုးနဲ့ မကြာခဏ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းဆီ စစ်လက်နက်တွေ အရှိန်မြှင့် ထောက်ပံ့ ပို့ဆောင်လာချိန်မှာ မက်ဗီဒက်ဗ်က ရုရှားရဲ့ အရေးနိမ့်မှုဟာ နျူကလီးယား စစ်ပွဲဆီ ဦးတည်သွားစေမယ်လို့ ထုတ်ပြောလာတာလည်း ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုကတော့ ယူကရိန်း စစ်ပွဲမှာ ရုရှားအနေနဲ့ နျူကလီးယား လက်နက်တွေ ထုတ်သုံးတာမျိုး လုံးဝမလုပ်ဖို့ အတိအလင်း သတိပေးထားဖူးပါတယ်။ ဇွန်လမှာတော့ ရုရှားဟာ ဆိုဗီယက်ခေတ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် နိုင်ငံပိုင် နျူကလီးယား စစ်လက်နက်တွေကို ပြည်ပမှာ ဖြန့်ကျက်ခဲ့ပြီး အိမ်နီးချင်း ဘီလားရုစ် နိုင်ငံရဲ့ နယ်စပ်မှာ တာတိုပစ် နျူကလီးယား ဒုံးကျည်တွေ အခြေစိုက်စေခဲ့ပါတယ်။
Ref: Reuters