သံလွင်တံတား (ဘားအံံ) စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဇူလိုင်၊ ၃၁
 
ကရင်ပြည်နယ်၊ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ်မှာ ဇူလိုင်လ ၃၁ ရက် ဒီကနေ့ မနက် ၇ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချနယ်တွေက သိရပါတယ်။
 
“ မနက်လောက်ပဲ၊ ဗုံးပေါက်ကွဲတာ၊ ထိတယ်၊ ခရီးသွားတွေလား၊ အရပ်သားတွေလား၊ စစ်သားတွေလားတော့ မသိဘူးဘူး၊ ကားတွေနဲ့ သယ်သွားကြတာ ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အဲဒီဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ခရီးသွားတွေ ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။
 
“ ဗုံးက ဘယ်လိုအမျိုးအစား ပေါက်ကွဲလဲ ကျွန်တော်တို့လည်း မသိရဘူးအကို၊ တချို့ပြောတာက ကားဗုံးလို့ ပြောတယ်၊ ဘယ်သူ လုပ်လဲဆိုတာလည်း မသိဘူး ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဝါဒဖြန့်ထားပါတယ်။
 
ဒါ့အပြင် ပေါက်ကွဲမှုအတွင်းမှာ ယာဉ်ထိန်းရဲတဦးနဲ့ ခရီးသွားတဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
အဆိုပါတံတားစစ်ဆေးရေးဂိတ် ဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးဘဲ အဲဒီဖြစ်စဉ်အသေးစိတ်ကို ဖော်ပြနိုင်ဖို့ DNA က စုံစမ်းနေဆဲဖြစ်ပါတယ်။
 
လက်ရှိမှာတော့ ဖောက်ခွဲခံရတဲ့ နေရာကို စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြား ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်နေသလို တံတားဖြတ်သန်းခွင့်ကိုလည်း ခေတ္တပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ စစ်ဆေးရေးဂိတ်ဟာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ စစ်သား၊ ရဲနဲ့ ဌာနဆိုင်ရာ ပူးပေါင်းတပ်ဖွဲ့တွေ ရှိနေပြီး ခရီးသွားတွေ၊ ကုန်တင်ယာဉ်တွေ စစ်ဆေးပြီး ငွေညှစ်ရာမှာ နာမည်ကြီးတဲ့ ဂိတ်တခုဖြစ်သလို နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့သူတွေ မကြာခဏ ဖမ်းခံရလေ့ရှိတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
 
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်