ဇူလိုင်၊ ၃၁
ပါကစ္စတန်-အာဖဂန် နစ္စတန် နယ်စပ်နားမှာ ပြုလုပ်တဲ့ နိုင်ငံရေး စည်းရုံးဟောပြောမှု အခမ်းအနား တခုမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ပါကစ္စတန် နိုင်ငံသား ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဇူလိုင် ၃၀ က JUI-Fလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ဂျာမီရတ် အူလီမာအီ အစ္စလာမ် ဖက်ဇဲလ် ပါတီဟာ နိုင်ငံ အနောက်မြောက်ပိုင်းက နယ်စပ်မြို့ဖြစ်တဲ့ ခါးမြို့မှာ အလုပ်သမား အစည်းအရုံး တခုကို ဦးဆောင် ကျင်းပနေခဲ့တုန်း ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတာပါ။ အခင်းဖြစ်ချိန်က အဲဒီနေရာမှာ လူရာပေါင်း အတော်များများ ရှိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၄၄ ဦးထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက ၁၇ ဦးဟာ အခြေအနေ အတော်လေး ဆိုးတယ်လို့လည်း ဒေသခံ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့ထဲက ဆေးရုံတွေမှာတော့ ဗုံးကွဲလို့ ဒဏ်ရာရပြီး ရောက်လာတဲ့ လူနာတွေနဲ့ ပြည့်သွားခဲ့ပါတယ်။
ရဲတွေက အခုဗုံးခွဲမှုကို အသေခံ ဗုံးသမား တယောက်က ကျူးလွန်ခဲ့တာလို့ ယုံကြည်နေပါတယ်။ ဗုံးသမားဟာ လူစုလူဝေးထဲ ရောနှော ဝင်ရောက်သွားပြီးမှ ဖောက်ခွဲခဲ့တာလို့ ယုံကြည်ရကြောင်း ရဲတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲ ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ ဒါပေမဲ့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွှယ်တဲ့ ဒေသခံ စစ်သွေးကြွ အုပ်စုတခုဟာ ဘာသာရေးပါတီ ဖြစ်တဲ့ JUI-Fကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ အရင်ကတည်းက လုပ်ဆောင်ခဲ့ဖူးပါတယ်။
ဗုံးပေါက်ကွဲတဲ့ နေရာကို ရဲတွေက ပိတ်ဆို့ထားလိုက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ပါကစ္စတန် အစိုးရကလည်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်ဆုံး အစီရင်ခံ တင်ပြဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို ဖိအားပေး တောင်းဆိုထားပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် ရှဘက်ဇ်ရှရစ်ဖ်ကတော့ ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်နိုင်ငံနဲ့ အစ္စလာမ် ဘာသာရေးကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ သူက အကြမ်းဖက်သမားတွေကို ဖော်ထုတ်ပြီး အဆုံးစွန်ထိ သုတ်သင် ရှင်းလင်းသွားမယ်လို့လည်း ကြွေးကြော်ထားပါတယ်။
ပါကစ္စတန် နိုင်ငံမှာ အခုနှစ်ကုန်ပိုင်းကျရင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် JUI-F အပါအဝင် နိုင်ငံရေး ပါတီတချို့ဟာ မဲဆွယ် စည်းရုံးရေး အစီအစဉ်တွေ စတင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
Ref: Al Jazeera