ဇူလိုင်၊ ၃၀
” စစ်တပ် ဂိတ်ချထားတဲ့နေရာမှာတွေမှာ တချို့ဂိတ်တွေမှာ HIV အတွက် ဆေးထုတ်ဖို့ သွားတာလို့ ပြောရင် လှောင်ပြောင်ချင်တယ်။ တချို့ဂိတ်တွေကျတော့ HIV ရှိသူပါ ဆေးထုတ်သွားတာလို့ ပြောလည်း စာမတတ်ပေမတတ်ဆိုတော့ နားမလည်ဘူး။ ပြန်လှည့်ခိုင်းတာမျိုး ကြုံရတယ်။ သူတို့ သောက်စားထားတဲ့ အချိန်ဆို ပိုဆိုးတယ်။ ကိုယ့်အသက်ရှင်ရပ်တည်ရေးအတွက် ဆေးထုတ်နေရတာ၊ နောက်တစ်ခုက ဆေးပြတ်သွားမှာ ကြောက်တယ်။ ကိုယ်သွားရင်လာရင်းနဲ့ အသက်အန္တရာယ်ကြုံမှာ ကိုယ့်ရန်ရှာပြီးတော့ ဖမ်းမှာဆီးမှာ ချုပ်မှာ အဲ့ဒီလိုမျိုးတွေလည်း ကြောက်ရတယ် “
HIV/AIDS ခုခံအားကျဆင်းမှု ဝေဒနာအတွက် ပုံမှန်သောက်သုံးရတဲ့ ART ဆေးလို့ခေါ်တဲ့ Antiretroviral Therapy ဆေးကို အသက်စွန့်ပြီး သွားထုတ်နေရတဲ့အကြောင်း ဆေးသောက်နေရသူတစ်ဦးက ပြောပြလာတာပါ။
▪သက်စွန့်ဆန်ဖျား ART ဆေးထုတ်နေရသူတွေ
အသက် ၂၅နှစ်အရွယ်ရှိတဲ့ နိုင်နိုင် (အမည်လွှဲ) က မကွေးတိုင်းထဲက ကျေးရွာတခုမှာ နေထိုင်တာဖြစ်ပြီး ဆေးရဖို့အတွက်၂၇ မိုင်လောက်ဝေးတဲ့ ပခုက္ကူမြို့ကို ပုံမှန်ဆေးသွားထုတ်နေရတာ ဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင်ကတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နိုင်နိုင်တို့လို LGBT အရေးလှုပ်ရှားသူတွေအတွက် ကူညီတဲ့ အစုအဖွဲ့တွေက သုံးလတခါ ဆေးထုတ်ပေးနေသလို သွားလာရေးလမ်းကြောင်းတွေလည်း အဆင်ပြေခဲ့တယ်လို့ နိုင်နိုင်က ပြောပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဆေးက တလတကြိမ်သာ ရတဲ့ အခြေအနေတွေလည်း ရှိနေပြီး လမ်းခရီးမှာလည်း မလုံခြုံတဲ့ အခြေအနေတွေကို ကြုံတွေ့နေရတာကြောင့် ဆေးပြတ်မှာကို အမြဲလိုလို စိတ်ပူနေရပြီး လမ်းခရီးမှာလည်း မလုံခြုံမှုတွေ ခံစားနေရတဲ့အကြောင်း ပြောပြလာတာပါ။
ဒီအခြေအနေတွေဟာ နိုင်ငံတဝန်းက ဒေသအများစုမှာ ART ဆေးသောက်သုံးသူတွေ ကြုံနေရတာဖြစ်သလို အာဏာသိမ်းမှု နောက်ဆက်တွဲ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ စစ်ဆေးတင်းကျပ်မှု ပြင်းထန်တဲ့နေရာတွေမှာတော့ ပိုပြီးကျပ်တည်းတဲ့ အခြေအနေဖြစ်နေပါတယ်။
နေ့စဉ်လိုလို နှစ်ဖက်တိုက်ပွဲတွေ ရှိနေပြီး စစ်ကောင်စီက အရပ်သားတွေကို ပိုပြီးပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြင်းထန်တဲ့ ဒီဒေသတွေမှာ ပုံမှန်ခရီးသွားလာဖို့တောင် မလုံခြုံတဲ့ အနေအထားကို ဒေသခံတွေ ရင်ဆိုင်နေကြရပါတယ်။
ပုံမှန်ထက် ဆေးရဖို့ ခက်ခဲတဲ့ ဒီလိုအခြေအနေတွေကြားမှာ ဆေးထိုး၊ ဆေးသောက်ဖို့ ပြတ်လပ်ကြတဲ့ အခြေအနေတွေကြောင့် HIV ပိုးနဲ့ နေထိုင်နေရသူတွေဟာ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေတယ်လို့လည်း ဆိုကြပါတယ်။
” ကျွန်မသူငယ်ချင်း CDM ကျောင်းဆရာကတော့ လမ်းခရီး အစစ်အဆေးတွေလည်း ကြောက်၊ အဖမ်းခံရမှာလည်း ကြောက်တော့ ဆေးပြတ်သွားတယ်။ နောက်ဆုံး သူတောထဲမှာ ပုန်းနေတဲ့ နေရာကနေ ကျွန်မတို့နဲ့အဆက်အသွယ်ပြန်ရပြီးမှ ဆေးပြန် on ရတယ်။ အဲဒီလို အခြေအနေတွေလည်း ရှိခဲ့တယ် ” လို့ နိုင်နိုင်က ပြောပြပါတယ်။
မကွေးတိုင်းထဲမှာတော့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံရုံးတွေမှာလည်း ဆေးထုတ်ရတာ အခက်အခဲရှိနေသလို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာလည်း HIV ပိုးနဲ့ နေထိုင်နေသူတွေအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ART ဆေး သုံးလစာ မထုတ်ပေးနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကူညီပေးနေတဲ့အဖွဲ့တွေက ဆိုကြပါတယ်။
” ဆေးက လာထုတ်ကြတာ ကျောက်ထုတို့ မြိုင်တို့ဘက်က လာကြတာများတယ်။ သူတို့ဆီက လမ်းပမ်းခက်ခဲတော့ ဆေးက သလိုသလောက်မရဘူး။ တခါတလေ ဆေးက ရန်ကုန်မှာ ရောက်နေပြီ အစိုးရက ထုတ်ခွင့်မပေးသေးတာလား ဘာလား အဲလိုအခြေအနေ ကြုံရင် လူတယောက်ကို တလစာပဲ ပေးနိုင်တော့တယ်။ သွေးစစ်တာတွေ လုပ်ပေးနိုင်ပေမယ့်လည်း တော်ရုံဆေးဆိုလည်း ရဖို့ခက်တယ်၊ မရှိဘူး။ ပြင်ပကနေ ကာလသားဆေးတွေ ထိုးရတာ များတယ်။ အစိုးရဌာန ဒေသန္တရမှာကို နည်းနေတယ်လေ ” လို့ မကွေးတိုင်းထဲမှာ HIV ပိုးရှိသူတွေကို ဆေးထုတ်ပေးဖို့ ကူညီနေတဲ့ အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ပြည်တွင်းမှာ စစ်အာဏာမသိမ်းခင်က နိုင်ငံတဝန်းက ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ ဒေသန္တရ ဆေးခန်းတွေမှာ ART ဆေးတွေနဲ့ ပတ်သက်ပြီးအလွယ်တကူ ထုတ်နိုင်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းမကွေးလို ဒေသတွေမှာတော့ ဆေးထုတ်ပေးတဲ့နေရာ မရှိသလောက် နည်းပါးသလို ဆေးရရှိမှုလည်း အကန့်အသတ်တွေ အများကြီး ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက်တဲ့ ဆရာဝန်တဦးက ပြောပါတယ်။
ဒီလို ဆေးထုတ်တဲ့ ကန့်သတ်ချက်တွေအပြင် HIV/AIDS ပညာပေးရေးလုပ်ငန်း အားလုံးဟာလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ရတယ်လို့ ပြောဆိုကြပါတယ်။
” သုံးလတခါ ထုတ်ပေးနိုင်နေရာကနေ တလတခါဖြစ်သွားတော့ ဆေးသောက်တဲ့လူတွေအတွက် Risk များတယ်။ ပညာပေးလုပ်ငန်းတွေလည်း ငါးယောက်ထပ်ပိုမစုရဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်ခက်ခဲသွားပြီ။ သွေးစစ်ဖို့ မလာနိုင်ဘူး။ ကျွန်တော်တို့လည်း သူတို ရှိတဲ့နေရာ သွားမစစ်နိုင်ဘူး ဆိုရင်လည်း ကူးစက်မှု ပိုဖြစ်လာဖို့ပဲရှိတယ် ” လို့ စစ်ကိုင်းတိုင်းထဲမှာ အခြေစိုက်တဲ့ HIV / AIDS အသိပညာပေးလှုပ်ရှားတဲ့ ဆရာဝန်တဦးက ပြောပါတယ်။
စစ်ကိုင်းနဲ့ မကွေးနည်းတူပဲ အာဏာသိမ်းပြီးကတည်းက တိုက်ပွဲပြင်းထန်နေတဲ့ ကယား (ကရင်နီ) ဒေသမှာလည်း HIV / AIDS ရှိနေသူတွေဟာ တူညီတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရပါတယ်။
လွိုင်ကော်မြို့နယ် တခုတည်းမှာတင် ဆေးထုတ်ပေးတဲ့ ဆေးခန်းတခုတည်း ရှိတာကြောင့် တိုက်ပွဲပတ်လည်ဝိုင်းနေတဲ့ ကရင်နီဒေသက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေက ဆေးထုတ်ဖို့အတွက် လက်လှမ်းမမီနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဒေသခံဆရာဝန်တွေက ပြောပါတယ်။
” ပုံမှန်ဆေးဝါးတောင် သယ်ယူခွင့်မရအောင် စစ်တပ်က ကန့်သတ်နေတာ အခုလို ဝေဒနာသည်တွေ အတွက်တော့ လုံးဝမလွယ်ဘူး။ မြို့ပေါ်က ပိုက်ဆံရှိတဲ့လူတွေ ဝယ်သောက်ဖို့ ကြိုးစားမလား ရနိုင်ပေမယ့် စစ်ရှောင်တွေအတွက်ဆိုရင် လုံးဝ(လုံးဝ) မရနိုင်တဲ့ အခြေအနေ ဖြစ်သွားပါပြီ ” လို့ လွိုင်ကော်မြို့ပေါ်က ဆရာဝန်တဦးက ပြောပြပါတယ်။
စစ်ကောင်စီဟာ ကရင်နီဒေသမှာ စစ်ရေးအရ အရပ်သားပစ်မှတ်တွေကို ဦးတည်ထား တိုက်ခိုက်နေသလို မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာကုသမှုတွေကိုလည်း ကန့်သတ်မှုတွေလုပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံလူမှုအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
” ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကအရေးကြီးတဲ့ မဖြစ်မနေ ရရမယ့်အခွင့်အရေးဖြစ်တယ်။ ဒီအခြေခံအကျဆုံးဝန်ဆောင်မှုကို ပိတ်ပင်ပြီး ပျက်စီးအောင်လုပ်ဆောင်တဲ့ အဖွဲ့အစည်း မည်သည့်အဖွဲ့အစည်းမဆို ကျွန်တော်တို့က ရှုတ်ချတယ်။ ပညာပေးလုပ်ငန်းတွေဆိုရင်လည်း လုပ်ခွင့်ပေးရမယ်။ စစ်ကောင်စီကတော့ ဘာကိုမှ ဂရုစိုက်တာမဟုတ်ဘူး။ သူ့အာဏာတည်မြဲဖို့ပဲ သူတို့လုပ်စရာရှိတာကို သူတို့လုပ်နေတာပဲ မြင်ရတယ်ပေါ့ အဲ့ဒီအတွက်ကြောင့် သူတို့လုပ်ရပ်အားလုံးက ဒီလိုမျိုး အပြင်အခြားဟာတွေကိုလည်း အများကြီးချိုးဖောက်နေတာကိုလည်း ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ ပွင့်လင်းပြောရရင် ကျွန်တော်တို့က ရှုတ်ချနေရုံကလွဲရင် အခြားဘာမှ တုန့်ပြန်နိုင်တဲ့ အခြေအနေ မရှိဘူးပေါ့။ အထူးသဖြင့်ကတော့ နိုင်ငံတကာ ယူအမ် အစိုးရဖြစ်စေ သူတို့ကိုယ်တိုင်က စစ်ကောင်စီကို ဒီထက်မက ဖိအားပေးပြီး ပြုတ်ကျတဲ့အထိ လုပ်ဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးတွေကို အာမခံချက်ရှိတဲ့ အုပ်ချုပ်ရေး ယန္တရားတခု ပေါ်လာမှာပါ ဖြစ်ပါတယ် ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာကိုဗညားက ပြောပါတယ်။
▪ဆေးပြတ်လပ်မှု ဘယ်လောက်အန္တရာယ်ကြီးလဲ
ART ဆေးရဲ့ သဘောသဘာဝအရ HIV ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေရဲ့ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုးကောင်ရေကို ထိန်းချုပ်ပေးထားတာဖြစ်ပြီး ဆေးမသောက်ရတဲ့ ရက်သတ္တပတ်တွေ များလာမယ်ဆိုရင် ဒီပိုးကောင်ရေ ပွားလာတဲ့နဲ့အမျှ ကိုယ်ခံအားထဲက ဆဲလ်တမျိုးဖြစ်တဲ့ CD4 ဆဲလ် ကျလာနိုင်ပါတယ်။ အဲဒီနောက်ဆက်တွဲမှာ AIDS ရောဂါ အဆင့်ကို ကူးပြောင်းဖို့ လူတစ်ဦးနဲ့တစ်ဦးအ ခြေအနေနဲ့အချိန်အခါ မတူညီသလို ဖြစ်လာနိုင်တဲ့ အခြေအနေအတွေလည်း မတူဘူးလို့ ဆေးပညာရှု့ထောင်က သုံးသပ်ကြပါတယ်။
” ART ဆေးသောက်မယ်ဆိုရင် ပိုးတွေကို ထိန်းနိုင်သွားတာပေါ့နော်။ ဆက်ပြီး မပျံ့အောင် ထိန်းနိုင်သွားတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားက ပြန်တက်လာတယ်။ ရောဂါပိုးတွေကို စစ်တဲ့အခါမှာလည်း ဆေးပုံမှန်သောက်မယ်ဆိုရင် Viral Load မတွေ့ရဘူးဆို ကောင်းတယ်။ ခုခံအား CD4 လည်း ပြန်တက်လာမယ်။ ဆေးမသောက်ရတော့ဘူးဆို Viral Load ပြန်တက်လာပြီး ခုခံအား CD4 ပြန်ကျသွားမယ်။ ပြောင်းပြန်ပြန်ဖြစ်သွားတာပေါ့။ နောက်ဆုံး AIDS ဆိုတဲ့ အဆင့်ကို ရောက်သွားမှာပေါ့။ ပုံမှန် CD4 1000 နဲ့ 1200 ကြားရှိတဲ့ လူတစ်ယောက်က HIV ပိုးကူးစက်ခံရပြီး ART ဆေးမရရင် ၁၀ နှစ်အကြာမှာ AIDS အဆင့်ကို ရောက်နိုင်တယ်။ ဥပမာ ဆေးသောက်နေတဲ့ လူနာတစ်ယောက်က CD4 300 ပေါ့၊ ဆေးပြတ်သွားရင် ပုံမှန် CD4 1000 နဲ့ 1200 လို ၁၀ နှစ်အထိ မဟုတ်ဘဲ AIDS အဆင့်ကို ရောက်ချိန်စောမယ်။ ဆေးပြတ်တဲ့အခါ သူ့ရဲ့ နောက်ဆုံး ခုခံအား CD4 ပေါ်မူတည်ပြီး AIDS အဆင့်ကို ရောက်ချိန်ပြောင်းလဲနိုင်တယ်။ CD4 နည်းလေလေ သူ့အတွက် အန္တရာယ်များသလို တခြားသူကို ကူးစက်နိုင်နှုန်းလည်း ပိုများတယ် ” လို့ စစ်ကိုင်းတိုင်းထဲမှာ HIV လူနာတွေကို ပညာပေးကုသမှုတွေ လုပ်ပေးနေတဲ့ လူမှုအဖွဲ့အစည်းတခုက ဆရာဝန်တဦးက သုံးသပ်ပြောဆိုပါတယ်။
ဒါ့အပြင် လူတဦးနဲ့တဦး ကိုယ်ခံအားဖွဲ့စည်းပုံ မတူညီတာကြောင့် ရောဂါဝင်ရောက်မှုတွေမှာ တုံ့ပြန်ပုံတွေလည်း ကွဲပြားသလို အရင်ရောဂါအခံတွေနဲ့ ကျန်းမာရေးအခြေအနေပေါ်လည်း မူတည်ပြီး ကွာခြားမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေမှာ တခြားရောဂါတွေ တွဲပြီး ရှိနေတယ်ဆို ဆေးရနိုင်အောင် အမြန်ဆုံးနည်းနဲ့ ကြိုးစားရမှာ ဖြစ်တယ်လို့ ဒေါက်တာမာယာက ဆက်ပြောပြပါတယ်။
▪ART ဆေးပြတ်လပ်မှုနောက်ကွယ်က ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ
ART ဆေးရဲ့ သဘောသဘာဝအရ HIV ပိုးနဲ့ နေထိုင်နေရတဲ့ လူတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ HIV ပိုးကောင်ရေမတိုးပွားလာအောင်ထိန်းချုပ်ပေးတာဖြစ်ပြီးဆေးပြတ်လပ်မှုတွေဖြစ်လာရင်ဒီပိုးကောင်ရေပွားလာတဲ့နဲ့အမျှ ကိုယ်ခံအားထဲက ဆဲလ်တမျိုးဖြစ်တဲ့ CD4 ဆဲလ်ပေါ့နော် အဲ့ဒီဆဲလ်ကနေ တဖြည်းဖြည်းနဲ့ကျလာနိုင်တယ်လို့ ဆေးပညာရူ့ထောင်မှာဖော်ပြထားပါတယ်။
ဒီလိုအချိန်မှာ ဆေးပြတ်ခဲ့ရင် ဆေးမသောက်ခင်ကဖြစ်ခဲ့တဲ့ ကျန်းမာရေးချို့တဲ့မှုတွေ ခန္ဓာကိုယ်အလေးချိန်ကျဆင်းမှုတွေနဲ့ဝမ်းလျှောတာတွေနဲ့ ကျန်းမာရေးချုချာမှုတွေပိုဖြစ်လာနိုင်ပါတယ်။
” ဆေးပြတ်ကာနီးတွေဆို လူနာတွေတော်တော်စိတ်မချမ်းမသာဖြစ်ရတယ်။ ART စိတ်ချလက်ချပုံမှန်လေး သောက်နေတယ်ဆိုရင် ပိုးထိန်းထားနိုင်တာ၊ သူများကို မကူးစက်နိုင်တာတွေသိတယ်။ ပြီးတော့ ဒီရောဂါပိုးတွေထပ်မဝင်လာနိုင်တာသိတယ်။ကျန်းကျန်းမာမာပုံမှန်လူအတိုင်း ဒီသက်တမ်းစေ့နေသွားနိုင်တယ်ဆိုတာသိတယ်။ ဒါပေမယ့် အဲ့ဒါတွေကိုသိရက်နဲ့ သူတို့တွေက ဒီအကြောင်းကြောင်းကြောင့် ဆေးထိုးလို့မရတာတွေ ဒီဆေးမရတော့တာတွေဖြစ်တယ်ဆိုလို့ရှိရင် ဒီစိတ်ပိုင်းဆိုင်ရာလဲတော်တော်လေး သူတို့စိတ်မကောင်းဖြစ်ကြရတယ် ” လို့ အမျိုးသားညီညွတ်ရေးအစိုးရNUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ HIV လူနာတွေအတွက်ဆွေးနွေးပေးနေတဲ့ ဒေါက်တာမာယာက ပြောပြပါတယ်။
ဒီလိုအခြေအနေတွေကိုကြုံတွေ့နေရတဲ့ စစ်ကိုင်းနဲ့ မကွေးဒေသက HIV ပိုးနဲ့ နေထိုင်သူတွေက တယ်လီကျန်းမာကို သူတို့ရဲ့အခက်အခဲတွေကိုလာရောက်တိုင်ပင်ကြတယ်လို့ ဒေါက်တာမာယာကဆက်ပြောပြပါတယ်။
ဆေးပြတ်လပ်မှုဖြစ်မယ်ဆိုရင် လူတဦးနဲ့ တဦး ကိုယ်ခံအားဖွဲ့စည်းမှုပေါ်မူတည်ပြီး တုံ့ပြန်မှုတွေလည်းမတူတဲ့အတွက် ထိခိုက်မှုအတိုင်းအတာတွေ ကွာခြားပေမယ့် ဆေးသောက်နေတဲ့အချိန်ထက်ပိုပြီးကျန်းမာရေးယိုယွင်းလာနိုင်တယ်လို့ ဆိုပါတယ်။
▪ART ဆေးပြတ်လပ်ရင် ဘာလုပ်နိုင်လဲ
အကြောင်းအမျိုးမျိုးကြောင့် ART ဆေးပြတ်လပ်မှုတွေဖြစ်ခဲ့ရင် နီးစပ်ရာကျန်းမာရေးဝန်ထမ်းတွေကို တိုင်ပင်ပြီးအကူအညီရယူရမှာဖြစ်သလို ဆေးသောက်နေတဲ့ လူအချင်းချင်း အကြံဉာဏ်တောင်းခံတာတွေနဲ့ မေးမြန်းဆွေးနွေးတာတွေလုပ်သင့်တယ်လို့ တယ်လီကျန်းမာက ဒေါက်တာမာယာက အကြံပြုပါတယ်။
” အထူးသဖြင့် HIV ပိုးရှိပြီးတော့ ARTဆေးသောက်နေတဲ့သူတွေမှာ ဒီ Peer to Peer ခေါ်တဲ့ ရောဂါရှိသူအချင်းချင်းအဆက်အသွယ်တွေ ရှိကြတယ်။ အဲ့လိုဆိုတော့ တစ်ယောက်နဲ့တစ်ယောက်သဘောတရားခြင်း ဒီဆေးပြတ်လပ် ပုံခြင်း မတူညီတဲ့အတွက်ကြောင့်မို့ ကိုယ့်အချင်းချင်း အကြံဉာဏ်တောင်းခံတာပဲဖြစ်ဖြစ် နောက်တခုကကြတော့ Social Media မှာ ဒီART နဲ့ပတ်သက်ပြီးတော့ Service ပေးနေတဲ့ အကူညီပေးနေတဲ့ ဆွေးနွေးလို့ရတဲ့နေရာတွေရှိတယ်။ အဲ့နေရာတွေမှာ မေးမြန်းတာပဲဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးတာပဲဖြစ်ဖြစ်လုပ်သင့်တယ်ပါတယ်။ အဲ့လိုတိုင်ပင်ဆွေးနွေးတဲ့အခါမှာ ကိုယ်က ဒီ ၃ လ စာတော့ရထားတယ်။ ဒါပေမယ့် ဒီ ၃ လပြီးလို့ရှိရင် ဆေးရဖို့မရဖို့က မသေချာတော့ဘူးဆိုလို့ရှိရင် ဆေးကုန်ခံနီး တစ်လလောက် အလိုထဲက စပြီးတော့ ကိုယ်ဘယ်လိုနည်းလမ်းနဲ့ဆေးရနိုင်လဲဆိုတာကိုလိုက်စုံစမ်းရမယ် ” လို့ ဒေါက်တာမာယာက အကြံပြုပါတယ်။
ဒါ့အပြင် HIV ပိုးရှိသူတွေ ARTဆေးသောက်နေရသူတွေအနေနဲ့ ရောဂါနဲ့ပတ်သက်ပြီး ဖြစ်စေဆေးဝါးနဲ့ပတ်သက်ပြီးဖြစ်စေမေးမြန်းချင်တာတွေနဲ့ သိရှိချင်တာတွေကို တယ်လီကျန်းမာဆေးခန်းက HIV clinic ကို တယ်လီကျန်းမာ မက်ဆေ့ဂျာမှာစုံစမ်းပြီးတော့ ပြသလို့ရတယ်လို့ ဆက်ပြောပါတယ်။
ပညာပေးလုပ်ငန်းတွေရပ်ဆိုင်းပြီး ကူးစက်မှုနှုန်းမခန့်မှန်းနိုင်တော့ တဖက်မှာလည်း ဆေးထုတ်ရတဲ့အခက်အခဲတွေအပြင် အရင်ကပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့ပညာပေးမှုလုပ်ငန်းတွေလည်း နယ်မြေမငြိမ်မသက်မှုတွေကြားမှာ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ပါတယ်။ အရင်က ပုံစံမျိုးစုံနဲ့ HIV/ AIDS အသိပညာပေးဖို့သွားခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့သွားလာခွင့်တွေကန့်သတ်ခံထားရတဲ့အခြေအနေဖြစ်နေပါတယ်။
” အရင်က Mobile လုပ်တယ်။ အခုကာလမှာအဲလိုသွားတော့ လူအုပ်နဲ့ဘာလာလုပ်လည်းဆိုပြီး အစစ်ဆေးခံရတယ်။ အရင်ဆိုရွေ့လျားစနစ်နဲ့ သွေးစစ်တာ အသိပညာပေးတာတွေလုပ်ခဲ့နိုင်ပေမယ့် အခုတော့ မရတော့ဘူး။ ပဋိပက္ခတော့ဖြစ်တာဖြစ်နေတာပဲလေ။ ဒါတွေကိုတော့ မထိခိုက်သင့်ဘူးလို့ထင်တာပဲ။ HIV ဆေးဆိုတာလည်း တခြားဆေးတွေလိုပြတ်လို့မရဘူး။ အတားမဆီးအပိတ်အဆို့ အဟန့်အတားတွေမရှိသင့်ဘူး ” လို့ မကွေးတိုင်းထဲမှာ HIV/AIDS ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတဦးကပြောပါတယ်။
ဒီအခြေအနေတွေအပြင် တဖက်မှာလည်း ဒီနယ်မြေတွေမှာဖြစ်နေတဲ့ HIV ကူးစက်မှုရာခိုင်နှုန်းက မှန်းဆရခက်တဲ့အခြေအနေဖြစ်လာနေပါတယ်။
” ကူးစက်မှုကတော့ အရေအတွက်နဲ့မပြောနိုင်ပေမယ့် သူတို့ကိုသွေးမစစ်နိုင်တော့သလို သူတို့လည်းသွေးစစ်ဖို့မလာနိုင်တော့ဘူး။ ကျွန်တော်တို့လည်း ကူးစက်မှုအရေအတွက်ကိုမရှာနိုင်ဘူး။ သွားလို့ရတဲ့နေရာမှာလည်း ကူးစက်မှုနည်းနေရင်နည်းနေမယ်။ စစ်ကိုင်းဘက်မှာဆိုရင် ဟုမ္မလေးဘက်ဆိုရင် ပေါ့စတစ်လူနာအရမ်းများတယ်။ နယ်မြေအခြေအနေအရ မှော်တွေပေါတယ်။ စီးပွားရေးလုပ်လို့ရတာတွေများတယ် ကူးစက်မှုကို ကျွန်တော်တို့သိပေမယ့် မသွားနိုင်ဘူး။ အဲဒီလိုပဲ အရင်က ကိုယ်ဝန်ဆောင်မိခင်တွေကို သွေးစစ်ပေးနိုင်တယ်။ မိခင်မှာ ရောဂါရှိနေရင် ကလေးကိုမကူးအောင် နို့တိုက်တာကအစ ဘယ်လိုဘယ်ပုံပညာပေးလုပ်နိုင်တယ်။ အခုဒါတွေဘာမှမလုပ်နိုင်တော့ဘူး ” လို့ စစ်ကိုင်းတိုင်းထဲမှာအခြေစိုက်တဲ့ အရပ်ဖက်အဖွဲ့အစည်း တခုက ဒေါက်တာ အောင်ကိုကိုကပြောပါတယ်။
စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကတော့ ၂၀၂၁ ခုနှစ်ထဲမှာ နိုင်ငံတဝန်းလူဦးရေ ၂၇၀,၀၀၀ ကျော် ရောဂါပိုးကူးစက်ခံထားရပြီး သုည ဒသမ ၆၄ ရာခိုင်နှုန်းအထိ HIV ရောဂါပိုး တွေ့ရှိနေကြောင်းဖော်ပြထားပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ ရောဂါပိုးအသစ်ကူးစက်ခံရသူပေါင်း ၃၀၀၀၀ ဝန်းကျင်နဲ့အမြင့်ဆုံးဖြစ်ခဲ့ရာကနေ ၂၀၂၁ ခုနှစ်မှာ ၁၁၀၀၀ကျော်ရှိတာကြောင့်ကူးစက်မှုလျော့ကျသွားတယ်လို့ ဖော်ပြထားပြီး အိပ်ချ်အိုင်ဗွီအေအိုင်ဒီအက်စ်ရောဂါကူးစက်မှုအမြင့်ဆုံးနေရာတွေဟာ ကချင်ပြည်နယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ်နဲ့ အဲဒီနောက်ပိုင်းမှာတော့ ရောဂါကူးစက်မှုနှုန်းတွေကို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တာမတွေ့ရတော့ပါဘူး။
ဒါ့အပြင် အိပ်ချ်အိုင်ဗွီ ရောဂါကုသဆေး(ART) ဆေးတွေဝယ်ယူဖို့အတွက် အမေရိကန်ဒေါ်လာ ၁၆ သန်းအား နိုင်ငံတော်ဘဏ္ဍာငွေထုတ်ပေးထားတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးကပြောဆိုထားပေမယ့် မြေပြင်မှာတော့ HIV လူနာတွေဟာဆေးရဖို့ခက်ခက်ခဲခဲရုန်းကန်နေရပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှုအောက် တရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့အခြေအနေမှာ ဒေသတချို့မှာ မူးယစ်ဆေးဝါးထင်ထင်ပေါ်ပေါ်ရောင်းချမှုတွေနဲ့ သုံးစွဲမှုများပြားလာတဲ့အခြေအနေဟာလည်း အိပ်ချ်အိုင်ဗွီကူးစက်မှုကိုပိုပြီးဖြစ်လာနိုင်စေမယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုအကျိုးဆက်ဟာ အိပ်ချ်အိုင်ဗွီအေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအပေါ် သက်ရောက်မှုတွေအများကြီးဖြစ်ခဲ့ပြီး ဆေးဝါးမလုံလောက်တာတွေ၊ ကုသရေးစခန်းတွေ ပိတ်ခဲ့တာတွေနဲ့ ပြည်တွင်းပြည်ပ NGO တွေရဲ့ကူညီထောက်ပံ့မှုတွေ လျော့ကျခဲ့တယ်လို့ ၂၀၂၁ ခုနှစ်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ HIV/AIDS ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးမှ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုခဲ့ဖူးပါတယ်။
အခြေခံအကျဆုံးလူ့အခွင့်အရေးဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတလုပ်ဆောင်သူတွေနဲ့ အရပ်သားပြည်သူတွေအပေါ် စစ်တပ်ရဲ့ကျူးလွန်မှုတွေရပ်ဆိုင်းဖို့ကိုလည်း ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUG ကထုတ်ပြန်တောင်းဆိုမှုတွေလုပ်ထားပါတယ်။