ဇူလိုင်၊ ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်မင်္ဂလာကျေးရွာ အနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ထောင်ထားတဲ့ မြေမြှပ်မိုင်းကို နင်းမိလို့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦး အပါအဝင် အမျိုးသမီးသုံးဦး မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ ဒီအချိန်က မျှစ်ချို၊ မှိုတွေ လိုက်နှုတ်ပေါ့၊ မောင်နှမတွေ၊ အမျိုးတွေပဲလေ၊ မြေမြှပ်မိုင်း အမျိုးအစား နင်းမိတာတဲ့၊ သုံးယောက်စလုံးပဲ ထိသွားတာ။ တယောက်ကပဲ မိုင်းကို ထိပြီးတော့ ကျန်တဲ့ နှစ်ယောက်ကလည်း မိုင်းစထိမှန်သွားတာပေါ့ ” လို့ ကော့ကရိတ်ဒေသခံတဦးက DNA ကို ပြောပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာခရိုင် တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ်၊ အောင်မင်္ဂလာကျေးရွာ အနီးမှာ ဇူလိုင်လ ၂၉ ရက်၊ မနက်ပိုင်းက အမျိုးသမီးသုံးဦး မျှစ်ချိုး၊ မှိုရှာ ထွက်ရာမှ စစ်ကောင်စီတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကို နင်းမိခဲ့တာဖြစ်ပါတယ်။
မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် အောင်မင်္ဂလာကျေးရွာနေ အသက် ၁၂ နှစ်အရွယ် မခင်မာအေး၊ အသက် ၁၉ နှစ်အရွယ် မဌေးမိုးနဲ့ အသက် ၂၂ နှစ်အရွယ် မကောက်ချမ်းတို့ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ခြေထောက်တွေမှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ ကလေးမလေးလေ၊ ခင်မာအေး တယောက်ကတော့ ဒဏ်ရာနည်းနည်းများတယ်၊ နည်းနည်းစိုးရိမ်ရတယ်၊ ကျန်တဲ့နှစ်ယောက်က သိပ်ပြီး မစိုးရိမ်ရဘူး၊ ဟုတ်တယ်၊ အခုသူတို့တွေ ဆေးရုံမှာပဲ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
အဲဒီမြေမြှပ်မိုင်းဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၁၃) လက်အောက်ခံ၊ နဗဟ (၂)မှူး ဗိုလ်မှူးကြီး ကျော်ဇင်ယျဦး ဆောင်တဲ့ ဝေါ်လေဗျူဟာကုန်း မှ စစ်ကောင်စီတပ်ဖွဲ့တွေက ထောင်ထားတဲ့ မိုင်းတွေ ဖြစ်ကြတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
“ အမတို့ သတိထားမိတာရှိတယ်၊ ခုတလော ဒီကောင်တွေက သူတို့အနီးနားမှာပဲ မဟုတ်တော့ဘူးနော်၊ ရွာတွေအနားထိ မိုင်းတွေ ထောင်လာကြတယ်။ အခုလည်း ဝေါ်လေဗျူဟာကုန်းက အဖွဲ့တွေပဲလေ ” လို့ ကေအဲန်ယူတပ်မဟာ (၆) မှ အရာရှိတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း ဝေါလေကျေးရွာအနီးမှာ မီးသွေးသွားဖုတ်တဲ့ အမျိုးသားတဦး စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှပ်မိုင်းနင်းမိလို့ ခန္ဓာကိုယ်အနှံ့မှာ ဗုံးစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းကြောင့် ၂၀၂၁ ခုနှစ်မှာ ၂၈၈ ဦး ထိခိုက်ပြီး သေဆုံးသူ ၁၀၂ ဦး၊ ၂၀၂၂ ခုနှစ်မှာတော့ ထိခိုက်သေဆုံးသူ ၃၉ဝ ဦးအထိ မြင့်တက်ခဲ့ပြီး အဲဒီထဲက သုံးပုံတပုံဟာ ကလေးသူငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဟာ မြေမြှပ်မိုင်း အသုံးပြုတာကို တားဆီးတဲ့ ၁၉၉၇ နိုင်ငံတကာဥပဒေကို လက်မှတ်ထိုးမထားတဲ့အပြင် စစ်ကောင်စီတပ်တွေသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပါ မြေမြှပ်မိုင်းတွေကို အသုံးပြုနေတာဖြစ်ပါတယ်။
ဓာတ်ပုံ – KNU