ပန်ကိုင်မှာလက်နက်ကြီးနဲ့ ပစ်လို့ မြေးအဖွားသုံးဦး ထိမှန်ပြီး အသက်ခြောက်ဆယ်အရွယ်အဖွား သေဆုံး

ဇူလိုင် ၊ ၃၀

ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့နယ်၊ ပန်ကိုင်ကျေးရွာအုပ်စု၊ လွယ်ကုန်းကျေးရွာမှာ  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  ဇူလိုင်လ ၂၉ရက်ညက လက်နက်ကြီးနဲ့ပစ်ခတ်လို့ မြေးအဖွားသုံးဦးထိမှန်ပြီး အသက်ခြောက်ဆယ်အရွယ်အ ဖွား ဖြစ်သူသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“ မနေ့ကည ကိုးနာရီဝန်းကျင်မှာ ၊တကယ်တမ်းလက်နက်ကြီးကျတာက သုံးလုံးလောက်ကျတာ ၊နှစ်လုံးလောက်က ဟိုဟာလွတ်တယ်ဗျ၊ တောင်ယာစိုတ်ခင်းထဲကျတော့လေ၊ ကျွန်တော်တို့ဒီရွာကျော်ပြီးတော့ အဲ့တလုံးကတော့ မနေ့က ဒဏ်ရာရတဲ့သူတွေရဲ့ နေအိမ်ခြံဝန်းထဲကျတာ ၊သူတို့က မီးဖိုချောင်မှာ ထမင်းစားဖို့လုပ်တာ ၊ထမင်းစားပြီးတော့ လားဘာလည်းမသိလုပ်နေတာ ၊ပထမနှစ်လုံးကျတဲ့ချိန်မှာသူတို့ကကြောက်လို့ဆိုပြီးတော့ ဗုံးခိုကျင်းကိုပြေးဖို့ အထမှာ အဲ့လိုထိတယ်လို့ ကြားတယ် “ လို့ မေတ္တာရှင်လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ)  တာဝန်ရှိသူတစ်ဦးကပြောပါတယ်

ဘယ်အဖွဲ့အစည်းက ပစ်တယ်မသိရတဲ့ လက်နက်ကြီးကျည်ဟာ လွယ်ကုန်ကျေးရွာ (ရပ်ကွက် ၆၊ နမ့်ဖက်ကာ ) ရှိနေအိမ်ခြံဝင်းအတွင်းကျရောက်ပေါက်ကွဲလို့တ‌အောင်း ( ပလောင်) တိုင်းရင်းသား မြေးအဖွားသုံး ဦးထိမှန်ခဲ့ပြီး အသက် ခြောက်ဆယ်အရွယ် အဖွားဒေါ်အေးအိုင် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် သမီးဖြစ်သူ အသက် လေးဆယ်အရွယ် ဒေါ်အေဝေါမ်နဲ့  မြေးဖြစ်သူ အသက် ၁၅ နှစ်အရွယ် မပပဝင်းတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီးလက်ရှိမှာတော့ လက်နက်ကြီးစထိမှန်ခဲ့တဲ့ သားအမိ နှစ်ဦးကို ကွတ်ခိုင်ဆေးရုံကြီး ကိုပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။

ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့တဲ့ အဲဒီလက်နက်ကြီးကျည်ဟာ နမ့်ဖက်ကာ အခြေစိုက်စစ်ကောင်စီ ခလရ -၁၂၃ မှ ပစ်ခတ်ခဲ့တာလို့ လည်း ဒေသခံတွေကပြောကြပေမယ့် DNA သတင်းဌာနကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ဇူလိုင်လ ၁၈ ရက်ကလည်း နမ့်ဖက်ကာမှာစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ပစ်တဲ့လက်နက်ကြီးကျည်ထိလို့ ဇီးတဘန်‌ကျေးရွာ မှ ဆယ်တန်းကျောင်းသားတဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့လည်းသိရပါတယ်။