လူသားဒိုင်းအဖြစ် ဖမ်းသွားတဲ့ ကံပေါက်ဒေသခံ လေးဆယ်ကျော် မိသားစုနဲ့ အဆက်အသွယ်မရသေး

ဇူလိုင် ၊ ၃၀

စစ်ကောင်စီတပ်စစ်ကြောင်းက လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားတဲ့ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စုက ဒေသခံလေးဆယ်ကျော်ကို လေးရက်အကြာ ဇူလိုင်လ ၃၀ ရက်အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့(စစ်တပ်)က ရေနက်ဆိပ်ကမ်းဘက်ကို စစ်ကြောင်းထိုးမှာ၊ အဲတလျှောက်တိုက်ခံရမှာစိုးလို့ ရွာခံတွေကိုဖမ်းသွားတယ်၊ သူတို့ အဲကိုရောက်ရင် ဖမ်းထားတဲ့သူတွေအကုန်လုံးကို ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့တယ်” လို့ ကံပေါက်ဒေသခံတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်က အဲဒီလိုပြောခဲ့ပေမယ့်  ဖမ်းဆီးခံထားရသူတွေဟာ လေးရက်ကြာတဲ့ အထိ  မိသားစုနဲ့ အဆက်အသွယ်မရသေးကြောင်းနဲ့ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ အခြေအနေတော့ မရှိသေးဘူးလို့ လည်းဒေသခံတွေက ပြောကြပါတယ်။

အင်အား ၁၅၀ ခန့်ရှိတဲ့ ကံပေါက်ဒေသအခြေစိုက် တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြေသယ်ကား ငါးစီးနဲ့ ကံပေါက်ကနေ ဇာဒီကျေးရွာကို ဇူလိုင်လ ၂၇ ရက်မနက်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဇူလိုင် ၂၉ ရက်အထိ သုံးရက်အတွင်း ဒေသခံလေးဆယ်ကျော်ကို ဖမ်းဆီးခဲ့ကြတာပါ။

ဖမ်းဆီးခံရသူတွေဟာ အသက် နှစ်ဆယ် ဝန်းကျင်ကနေ ခြောက်ဆယ် ကြားရှိတဲ့ ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော်ရွာတွေက အမျိုးသား၊ အမျိုးသမီးတွေဖြစ်ကြပြီး အများစုဟာ ဥယျာဉ်ခြံအလုပ်သမားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

“ခေါင်ပြင်ကနေ ဒိုက်တကော်ကို သွားတော့ ရွာလမ်းအတိုင်းမသွားဘဲ ဥယျာဉ်ခြံလမ်းအတိုင်းသွားတာ၊ အဲတော့ အဲက ဥယျာဉ်ခြံအလုပ်သမားတွေ အလုပ်သမားတွေ အဖမ်းခံထိတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဇာဒီရွာကနေ မိုင်နှစ်ဆယ်လောက်ဝေးတဲ့ နဘုလယ်ဒေသက ထားဝယ်အထူးစီးပွားရေးဇုန်ကို သွားမယ်လို့ ယူဆရတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရင်းချောင်းရွာနဲ့ ထွက်ဝရွာတို့မှာ ညအိပ်ရပ်နားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

“သွားနေတာကတော့ ခြေလျင်ပဲ၊ တိုက်ပွဲတော့မဖြစ်သေးဘူး၊ ဖမ်းထားတဲ့သူတွေရှိနေလို့ PDF တွေကလည်း မပစ်တာဖြစ်မယ်” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ ဇူလိုင်လ ၃၀ ရက်၊ မနက်ပိုင်းမှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရှစ်မိုင်လောက်ဝေးတဲ့ ဘဝါကျေးရွာဘက်ကို ရောက်ရှိနေပြီး နောက်ဆက်တွဲအခြေအနေတော့ မသိရသေးဘူးလို့လည်း သူကပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ရှိတဲ့ နဘုလယ်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ၂၀၂၃ နှစ်အစကနေ အခုထိ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိလို့ ဒေသခံတွေလည်း မကြာခဏ ထွက်ပြေးတိမ်းရှောင်ရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်ကပဲ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲစစ်ကူပေးခဲ့ရပါတယ်။

ပုံစာ-ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာမှာ၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်ဖမ်းသွားတဲ့ ဒေသခံ ၁၉ ဦးကို တွေ့ရစဉ်။