ဘုတလင်ဗကသရုံးခန်း စီးနင်းခဲ့တဲ့ စစ်ကြောင်းလက်ချက်နဲ့ သေဆုံးသူခုနစ်ဦးအထိရှိလာ

ဇူလိုင် ၊ ၂၉

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ညောင်ကန်ရွာရှိ မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်) ရုံးခန်းကို စီးနင်းခဲ့တဲ့ စစ်ကြောင်းလက်ချက်နဲ့သေဆုံးသူအရေအတွက် ခုနစ်ဦးအထိရှိလာတယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“ကျောင်းသားသုံးဦးအပြင် ညောင်ကန်၊ ရွာသာ၊ ဖျောက်ဆိပ်ကုန်းပေါ့နော် အဲဒီရွာက ဒေသခံတွေလည်း အသတ်ခံ ရတယ်၊ရွာသာက လူငယ်တဦးရယ် ရွာသာ(မှာ)လာနေတဲ့ ကောင်လေးတယောက်ရယ် ဖျောက်ဆိပ်ကုန်းရွာက ရွာ ခံနှစ်ယောက် စုစုပေါင်းခုနစ်ဦးအလောင်းပြန်တွေ့ထားတယ် ” လို့ သူကပြောပါတယ်။

ဘုတလင်မြို့နယ် အနောက်မြောက်ခြမ်းက ညောင်ကန်ရွာမှာရှိတဲ့ ဘုတလင် ဗကသကျောင်းသားသမဂ္ဂရုံးခန်းကို စစ်ကောင်စီက မနေ့က မနက်လေးနာရီလောက်မှာ ရုတ်တရက် စီးနင်းခဲ့တာဖြစ်ပြီး မြို့နယ် ဗကသ ဥက္ကဌ ကို ကျော်ဝင်းသန့်၊ဒုဥက္ကဌ ကိုကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှုး ကိုသုတနေတို့ ဖမ်းဆီးသတ်ဖြတ်ခံ ရတယ် လို့ ကနဦးအတည်ပြုနိုင်ခဲ့တာပါ။

အဲ့ဒီကျောင်းသားတွေဟာ အသက် နှစ်ဆယ် နီးပါး အရွယ် လူငယ်တွေဖြစ်ပြီး ဒေသတွင်းမှာ စစ်အာဏာရှင်ဆန့် ကျင်ရေး လူထု သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေပါ။

မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချူပ်(နမခ)လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေပါဝင်တဲ့ အဲ့ဒီစစ်ကြောင်းဟာ  ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ စိုင်ပြင်လေး၊ ညောင်ကန်၊ ရွာသာရွာ၊ကျောက်အိုးတောင်ရွာ တွေ ကို မနေ့က စီးနင်းဝင် ရောက်ခဲ့တာပါ။

စိုင်ပြင်လေးရွာနဲ့ကျောက်အိုးတောင်ရွာတို့က စာသင်ကျောင်းနှစ်ကျောင်း၊ညောင်ကန်ရွာက နေအိမ်ခုနစ်လုံးနဲ့ ရွာသာရွာက နေအိမ် လေးလုံးတို့ကိုလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ အထက်ပါ ကပြောပါတယ်။

ဒေသတွင်း ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေချိန်အတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ လည်းဖြစ်ခဲ့သလို စစ်ကောင်စီက ဒေသခံတချို့ကို ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်းရှိ တယ် လို့ သူကပြောပါတယ်။

“ဓားစာခံတွေခေါ်ပြီးတော့ကျွန်တော်တို့ရွာရဲ့ အရှေ့တောင်ဘက်က ကြက်ရိုးကုန်းရွာမှာတညအိပ်တယ်၊ အဲဒီမှာ လည်း တိုက်ပွဲတွေဖြစ်ကြသေးတယ်ဗျ၊ဘယ်အဖွဲ့တွေလည်းတော့ မသိဘူး၊ကျောက်ရိုးတောင်ရွာက စာသင် ကျောင်းကိုလည်းမီးရှို့သွားသေးတယ်၊အဲဒီထဲမှာ ခွေးယူနီဖောင်းနဲ့ အလောင်းတခုတွေ့တယ် ” လို့ ဒေသခံက ပြောပါတယ်။

လက်ရှိ အဲ့ဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ငါးဦးသေဆုံး တယ်လို့ ကနဦးသိရပေမယ့် ကာကွယ်ရေးတပ်တွေက အတည်ပြုပြောဆိုတာမျိုးတော့မရှိသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ရိုးတောင်ရွာမှတဆင့် အနောက်မြောက်တိုင်း စစ်ဌာန ချုပ်ရှိရာ မုံရွာဘက်ကို ဦးတည်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာ မုံရွာ- ရေဦး လမ်းမကြီး အနီးက ဆုံကုန်းရွာကိုဝင်ရောက်ခဲ့ပြီး နေ့ လယ်ပိုင်းမှာတော့ ရွာသစ်ရွာ အနီးကနေ မုံရွာမြို့ရှိရာ တောင်ဘက်ကို ဆက်လက်ဦးတည်နေတယ်လို့ ဘုတလင် မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုနဲ့ တိုက်ပွဲတွေကြောင့် စိုင်ပြင်လေး၊ ညောင်ကန်နဲ့ရွာသာရွာတို့အပါအဝင် အနီး တဝိုက်ကျေးရွာတွေက ဒေသခံတွေ နေရပ် စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 photo မြန်မာနိုင်ငံလုံးဆိုင်ရာ ဗကသများအဖွဲ့အချုပ်