ဇူလိုင်၊၂၉
ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းအုပ်ဆရာမကြီး အပါအဝင် ခုနစ်ဦးကို လွတ်မြောက်နယ်မြေ ပို့ ဆောင်ပေးထားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
အဲ့ဒီခုနစ်ဦးကို ဇူလိုင် ၂၀ရက်မှာ အမည်မသိ လက်နက်ကိုင်တွေက ကျောင်းဝင်းထဲကနေ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီး အဆက် အ သွယ်မရလို့ စိတ်ပူနေရတဲ့အကြောင်း ထားဝယ်စိုက်သိပ္ပံက ဆရာ၊ဆရာမတွေနဲ့ မိသားစုနဲ့ နီးစပ် သူတွေက DNA ကိုပြောထားတာပါ။
အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လောင်းလုံး PDF က ကျောင်းဝင်းထဲဝင်ရောက်ခဲ့သူတွေဟာ သူတို့တပ်ဖွဲ့ဝင်တွေ ဖြစ် တယ်လို့ ဇူလိုင် ၂၇ရက်မှာ ထုတ်ပြန်လာပြီး လက်ရှိ လွတ်မြောက်နယ်မြေကိုပို့ထားသူတွေကို ဖမ်းဆီးခဲ့တာ မ ဟုတ်ဘဲ ကာယကံရှင်တွေကိုယ်တိုင် ပူးပေါင်းလာတာလို့လည်းဆိုပါတယ်။
“ဖမ်းထားတာမဟုတ်ပါဘူး၊သူတို့က ပူးပေါင်းချင်တယ်ဆိုလို့ ခေါ်လာပေးပြီး လွတ်မြောက်နယ်မြေပို့ပေး ထားတာ ပါ၊သူတို့အကုန်လုံး လုံခြုံတဲ့နေရာမှာ ရှိနေပါတယ်” လို့ လောင်းလုံး ပကဖ ပြန်ကြားရေးတာဝန်ရှိသူက DNA ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ CDM လုပ်ကြဖို့ သတိပေးထားတာကို မလိုက်နာဘဲ ကျောင်း ဆက်ဖွင့်ထားတာကြောင့် ကျောင်းဝင်းထဲသွားပြီး ဆွေးနွေးချိန်မှာ ကျောင်းအုပ်ကြီးဇနီးမောင်နှံနဲ့ ဆရာ၊ဆရာ မလေးဦးတို့က CDMလုပ်ဖို့သဘောတူခဲ့တာကြောင့် သူတို့ခြောက်ဦးနဲ့ ကျောင်းအုပ်ကြီးရဲ့ သားငယ်တို့ကို လုံခြုံ တဲ့နေရာပို့ပေးဖို့ ခေါ်လာခဲ့တာလို့ လောင်းလုံး PDF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ ဇွန်လ ၉ ရက်နေ့ နောက်ဆုံးထား ပြီး စီဒီအမ်လုပ်ကြဖို့နဲ့ မလုပ်တဲ့သူတွေကို အရေးယူမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာတဦးကတော့ PDF ဘက်က အခု လို ပြောဆိုလာတာဟာ မှန်ကန်မှုမရှိဘူးလို့ ပြောပါတယ်။
“သူတို့သဘောနဲ့ သူတို့ လိုက်သွားတာမျိုးတော့ မဟုတ်ဘူး၊ ဖမ်းခေါ်သွားတာပါပဲ၊သူတို့ဆီရောက်မှ CDMလုပ်ဖို့ သ ဘောတူလိုက်တာမျိုးဆိုရင်တော့ မပြောတတ်ဘူး၊ကျွန်တော်တို့နဲ့ အခုထိအဆက်အသွယ်မရသေးတော့ အသေး စိတ်အခြေအနေတော့ မသိရသေးဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီဆရာက DNA ကို ပြောပါတယ်။
လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ကျောင်းအုပ်ဆရာမကြီးမိသားစုနဲ့ ဆရာ၊ဆရာမလေးဦးတို့ကို ခေါ် ဆောင်လာချိန်ကာလအတွင်း စစ်ကောင်စီဘက်က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာ ကြောင့် လည်း သူတို့ထဲက နေရပ်ပြန်မယ့် ဆရာ၊ဆရာမတွေကို ပြန်ပို့ဖို့ နောက်ကျခဲ့ရတယ်လို့ ဆိုပါတယ်။
“စစ်တပ်ဘက်ကစစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေ လည်းဖြစ်တော့ မပို့နိုင်ဘဲဖြစ်သွားတာ၊ သတင်းထုတ်ပြန်ဖို့ နောက်ကျသွားတာကတော့ အဲ့ဒီလိုပူးပေါင်း လိုက် ကြောင်း ကြေညာလိုက်ရင် စစ်တပ်ဘက်က ပိုပြီး ဖိလာနိုင် လို့ပါ၊ ဒါကြောင့် လုံခြုံတဲ့နေရာရောက်မှကျွန်တော်တို့ သတင်းထုတ်ပြန်တာပါ” လို့ အထက်ပါ ပကဖ ပြန်ကြားရေး တာဝန်ရှိသူက DNA ကို ပြောပါတယ်။
အဲဒီ ကျောင်းအုပ်ကြီးအပါအဝင် ခုနစ်ဦးကို PDF တပ်ဖွဲ့ဝင်တွေက ဇူလိုင် ၂၀ ရက်မှာ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး နှစ်ရက်အကြာ ဇူလိုင် ၂၂ရက် မနက်အစောပိုင်းမှာ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ မိုင်ဝက်လောက် သာဝေးတဲ့ စခန်းကြီးကျေးရွာအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် PDF တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း လောင်းလုံး PDF ဘက်က သုံးဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောင်းအုပ် ကြီး အပါအဝင် ခုနစ်ဦးနဲ့ ပတ်သက်ပြီး ဒေသခံတွေကို စုံစမ်းမေးမြန်းတာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါ တယ်။
ထားဝယ် စိုက်ပျိုးရေး သိပ္ပံ ကျောင်းအုပ်ဆရာမကြီးမိသားစုနဲ့ နောက်ထပ် ဆရာ၊ဆရာမလေးဦးကို PDF တပ်ဖွဲ့ ဝင်တွေက ခေါ်သွားကြတာနဲ့ ပတ်သက်လို့ ကျောင်းဘက်ကဆရာ၊ဆရာမတွေနဲ့ PDF တပ်ဖွဲ့ကြား ပြောဆိုမှု တွေမှာ ကွဲလွဲမှုတွေရှိနေပြီး ကာယကံရှင်တွေနဲ့လည်း ဆက်သွယ်လို့မရနိုင်သေးတာကြောင့်သူတို့ရဲ့ လက်ရှိအ ခြေအနေကို DNAအနေနဲ့ သီး ခြားအတည်မပြုနိုင်သေးပါဘူး။