အခုလအတွင်း KNU သထုံခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦး အလင်းဝင်လာ

ဇူလိုင်၊၂၉

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ရှေ့တန်းစခန်းတွေကနေ အခုလအတွင်းအာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး အလင်းဝင်လာတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။

 သထုံမြို့နယ် ဝီယော် ပိန္နဲတောရှေ့တန်းဗျူဟာစခန်းနဲ့ ဘီးလင်းမြို့နယ် မဲပလီ စကခ – ၈ ခမရ ၄၀၅ တို့က တပ် သားအဆင့်ရှိသူငါးဦးနဲ့ဒုတပ်ကြပ်တဦး တို့ KNU တပ်မဟာ(၁)ဆီအလင်းဝင်ခဲ့တာလို့သိရပါတယ်။

 “ဝင်လာတဲ့ ရက်ကတော့ မတူဘူး၊လေးဦးတခါ၊ တဦးက နှစ်ခါပေါ့နော်၊အခုလထဲမှာ ဝင်လာတာ၊ အား လုံးက တော့ ရှေ့တန်းစစ်မြေပြင်က တပ်ဖွဲ့ဝင်တွေပဲ၊စစ်တပ်အောက်မှာ တာဝန်မထမ်းဆောင် ချင်တော့ဘူးလို့ ပြော တယ်”လို့ ကေဲအန်ယူ-သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကွဲမှုကော်မတီဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။

အဲ့ဒီခြောက်ဦးထဲက ဒုတပ်ကြပ်တဦးသာ MA 3 သေနတ်တလက်နဲ့ ဆက်စပ် ပစ္စည်းတွေပါလာပြီး ကျန်တဲ့တပ် သားတွေကတော့ လက်နက်ခဲယမ်း ပါမလာကြဘူးလို့ သိရပါတယ်။

လက်ရှိ ကေအဲန်ယူဆီအလင်းဝင်လာတဲ့သူခြောက်ဦးလုံးကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး သူတို့တွေက ရခိုင်၊ ချင်းနဲ့ ကရင်ဇာတိတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

“ အခုတော့ အေးဆေးပဲ၊ လွတ်မြောက်နယ်မြေမှာ၊ သူတို့ရွာပြန်မယ်ဆိုရင် လိုက်ပို့ပေးမယ်၊ စစ်တိုက်မယ်ဆိုလည်း တိုက်ပေါ့၊ နိင်ငံခြားသွားမယ်ဆိုလဲ ပို့ပေးမှာပေါ့၊ အဲဒါတွေကတော့ မဆုံးဖြတ်ရသေးဘူး” လို့ KNU တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် လက်နက်နဲ့အလင်းဝင်လာတဲ့သူအတွက် ချီးမြှင့်ငွေတွေ ရရှိဖို့ကိုလည်း အမျိုးသားညီညွတ် ရေးအစိုးရ NUGကို ဆက်သွယ်ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအထိ သထုံခရိုင် တပ်မဟာ – ၁ နယ်မြေထဲကို အလင်းဝင် လာတဲ့ စစ် ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သား နှစ်ရာ ဝန်းကျင်ရှိနေတယ်လို့ KNU တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီထဲက တချို့ကအိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ရွေ့ပြောင်းနေထိုင်ကြပြီးနေရပ်ကို ပြန်သွားကြသူတွေလည်းရှိ သလို စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်း ပါဝင်လာတဲ့ ရဲနဲ့ စစ်သား စုစုပေါင်း တသောင်းခြောက်ထောင်ဝန်းကျင်ရှိပြီး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUGကအခုနှစ် ဧပြီလမှာ ထုတ်ပြန်ထားပါတယ်။