ဇူလိုင် ၊ ၂၉
ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အရန်ဆန်တွေထုတ်ရောင်းသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင် ၂၈ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ကနဦးအနေနဲ့ ၅၀ ကီလိုအိတ်၊ အိတ်ရေ ငါးသောင်းကိုရောင်းချသွားမှာဖြစ်ပြီး လိုအပ်မယ်ဆိုရင် နောက်ထပ် ထပ်တိုးရောင်းချပေးဖို့စီစဥ်သွားမယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆန်ဈေးနှုန်းမှန်ကန်တည်ငြိမ်ဖို့နဲ့ ဈေးမှန်၊ပစ္စည်းမှန်ဖြစ်စေဖို့နဲ့ ဈေးနှုန်းမှန်ဖြစ်စေရေးတို့အတွက် လိုအပ်တဲ့ကိစ္စ တွေကို ပုဂ္ဂလိက အခန်းကဏ္ဍကနေ လုပ်ဆောင်သွားမှာဖြစ်ပြီး သိုလှောင်ရုံမှတ်ပုံတင်မှုနဲ့ သိုလှောင်ရုံစစ်ဆေးမှု တွေကိုလည်း ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အခုလကုန်မှာ ကျပ်နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမယ်လို့ ကြေညာပြီးနောက် ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုတွေရှိနေကာ ဆန်၊ဆီနဲ့ အခြေခံစားသောက်ကုန်တွေလည်း ဈေးနှုန်းမြင့်တက်လာ ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်က စပြီး ပြည်တွင်းဈေးကွက်ထဲက ဆန်ကြမ်းရော ဆန်ချောတွေပါ တအိတ်ကို ကျပ် တစ်သောင်းနီးပါး ဈေးမြင့်တက်ခဲ့တယ်လို့ ဆန်ကုန်သည်တွေကပြောပါတယ်။
“ဈေးကတက်တယ်၊ရောင်းမယ့်သူကမရှိတာ၊အရန်ဆန်ထုတ်ရောင်းတာနဲ့လည်းမပြောတတ်ပါဘူး၊စိတ်တွေ လည်း တော်တော်ညစ်ပါတယ်၊ဈေးနှုန်းတွေက မှန်းလို့တောင်မရဘူး ၊mondayဆိုပိုဆိုးမယ်ထင်တယ်”လို့ ရန်ကုန်မြို့က ဆန်ကုန်သည်တဦးကပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံအနေနဲ့ဆန်ဖူလုံမှုအပြည့်အဝရှိပြီး ပိုလျှံမှုကို သာ စနစ်တကျတွက်ချက်ပြီး ပြည်ပ တင်ပို့ရောင်းချနေတာလို့ဖော်ပြပါတယ်။
လက်ရှိပြည်တွင်းမှာ ဆန်ဖူလုံနေတာ၊လျှပ်စစ်မီးပိုရလာတာကြောင့် ဆန်စက်တွေ လည်ပတ်ချိန်ပိုများလာတာ ၊ပဲခူးတိုင်း အနောက်ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ စပါးရိတ်သိမ်းချိန်၊စပါးပေါ်ထွက်နေဆဲဖြစ်လို့ ဆန်ဈေး၊စပါး ဈေးတည်ငြိမ်ရမှာဖြစ်တယ်လို့လည်း ဆန်စပါးအသင်းချုပ်ကဆိုပါတယ်။
ဒါကြောင့် စားသုံးသူတွေအနေနဲ့ သတင်းမှားတွေနဲ့ ကောလာဟလတွေကိုစိုးရိမ်ပြီး ဆန်ဝယ်ယူစုဆောင်း တာ၊မ လုပ်ဘဲ လိုအပ်မှဝယ်ယူကြဖို့ တိုက်တွန်းထားပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပဋိပက္ခဒေသတွေ တိုးမြင့်လာပြီး လယ်ယာစိုက်ပျိုးမလုပ်နိုင်တဲ့ ဒေသတွေ ရှိနေသလို မိုခါ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာလည်း လက်ရှိအချိန်အထိ မျိုးစပါးအလုံအလောက် မရသေးတာကြောင့် တောင်သူတွေမိုးစပါးစိုက်ဖို့ အခက်တွေ့နေကြရတာမျိုးတွေလည်းရှိနေပါတယ်။