နိုက်ဂျား စစ်အာဏာသိမ်းမှုကို သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲ ဦးဆောင်ခဲ့ကြောင်း အတည်ပြု

ဇူလိုင် ၊ ၂၉

နိုက်ဂျားနိုင်ငံမှာ စစ်အာဏာ သိမ်းလိုက်တဲ့ ခေါင်းဆောင် ဘယ်သူဘယ်ဝါဆိုတာ အတိအကျ ထွက်ပေါ်လာပြီး ကိုယ့်ကိုယ်ကိုယ် ကြားကာလ အစိုးရ အဖွဲ့​ အကြီးအကဲအဖြစ် အတည်ပြုလိုက်ပါတယ်။ အခု သီတင်းပတ်မှာ နိုက်ဂျား သမ္မတရဲ့ ကိုယ်ရံတော် တပ်ဟာ သမ္မတ မိုဟာမက် ဘာဇိုအွမ်ကို ဖမ်းဆီးလိုက်ပြီး အာဏာသိမ်းကြောင်း ကြေညာခဲ့ပါတယ်။ အခုတော့ ကိုယ်ရံတော်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒူရာမာနီ တစ်ချီရာနီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရကို သူဦးဆောင်မယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကနေ ထုတ်ပြန်သွားခဲ့ပါတယ်။

 အစောပိုင်းမှာ နိုက်ဂျား အာဏာသိမ်းမှုရဲ့ အဓိက လက်သည်ဟာ ဘယ်သူဘယ်ဝါဆိုတာ သတင်းတွေ ရှုပ်ထွေးနေခဲ့ပါသေးတယ်။ နိုက်ဂျားစစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒူ ဆီဒီကူ အစ်ဆာက စစ်တပ်ဟာ ဇူလိုင် ၂၆ ရက် အာဏာသိမ်းမှုကို ထောက်ခံတယ်လို့ ကြေညာခဲ့ပေမယ့် အဲဒီလုပ်ရပ်ကို သူဦးဆောင်တယ်လို့တော့ မပြောခဲ့ပါဘူး။

လောလောဆယ် သမ္မတ ဘာဇိုအွမ်ဟာ ကျန်းကျန်းမာမာ ရှိနေပြီး သူ့ရဲ့ ကိုယ်ရံတော်တပ်က ပြန်လည် ဖမ်းဆီးတာကို ခံထားရတာ ဖြစ်ပါတယ်။ ဘာဇိုအွမ်ဟာ ပြင်သစ်၊ အမေရိကန်တို့ အပါအဝင် အနောက်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ဒေသတွင်း စစ်သွေးကြွ လှုပ်ရှားမှုတွေကို ဖြိုခွင်းတဲ့ စစ်ဆင်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။

 တစ်ချီရာနီက ဘာဇိုအွမ်ဟာ အရည်အချင်း နုံချာညံ့ဖျင်းသူလို့ ဝေဖန် စွပ်စွဲခဲ့ပြီး ဒီမိုကရေစီ နည်းလမ်းနဲ့အညီ တင်မြှောက်ခံထားရတဲ့ သမ္မတဆီက သူအာဏာသိမ်းလိုက်တာဟာ လုပ်ကိုလုပ်ရမယ့် ကိစ္စလို့ အကြောင်းပြခဲ့ပါတယ်။ ဘာဇိုအွမ် လက်ထက်မှာ နိုက်ဂျားနိုင်ငံဟာ စတေးရတာ၊ ပေးဆပ်ရတာတွေ များလွန်းခဲ့ပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ကဏ္ဍအားလုံးမှာ ဆုတ်ယုတ် ယိုယွင်းလာတယ်လို့ အာဏာသိမ်း စစ်ဗိုလ်ချုပ်က ပြောပါတယ်။

 အသက် ၆၂ နှစ်အရွယ် တစ်ချီရာနီဟာ သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲအဖြစ် ၂၀၁၁ ကတည်းက တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ သမ္မတ(ဟောင်း) မာဟာမာဒူ အစ်ဆူဖူက သူ့ကို ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ပေးခဲ့ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း မအောင်မြင်တဲ့ အာဏာသိမ်းမှု တခုမှာ ဆက်စပ် ပါဝင်ခဲ့ဖူးတယ်လို့ စွပ်စွဲခံရပေမယ့် တရားရုံးမှာတော့ ငြင်းဆိုသွားခဲ့ပါတယ်။

 နိုက်ဂျားဟာ ဘာဇိုအွမ်ရဲ့ လက်ထဲမှာ မလုံခြုံမှု၊ စီးပွားရေး ကပ်ဆိုက်မှု၊ အဂတိမှုတွေ အပါအဝင် ကဏ္ဍပေါင်းစုံ ယိုယွင်းနေတာကြောင့် သူက မဖြစ်မနေ တာဝန်ယူပြီး နိုင်ငံအာဏာကို ထိန်းသိမ်းလိုက်ရပါတယ်လို့လည်း တစ်ချီရာနီက ဆိုပါတယ်။

 မကြာသေးခင် နှစ်ပိုင်းတွေအတွင်း အနောက်အာဖရိက ဒေသတွင်းမှာ စစ်တပ် အာဏာသိမ်းတာက ခေတ်ရေစီးကြောင်း တခုလိုတောင် ဖြစ်လာနေပါတယ်။ မာလီ၊ ဂီနီရာနဲ့ ဘာကီနာဖာဆို နိုင်ငံတွေဟာလည်း ဒီမိုကရေစီ အစိုးရတွေကို စစ်တပ် အင်အားသုံး ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးပါပြီ။

 အထူးသဖြင့် အနောက်အာဖရိက နိုင်ငံတွေမှာ အကြမ်းဖက် စစ်သွေးကြွ အဖွဲ့တွေ ပိုမိုအားကောင်းလာခြင်းက လုံခြုံရေး အခြေအနေကို အကြောင်းပြပြီး စစ်တပ်တွေ အာဏာသိမ်းဖို့ အဓိက အကြောင်းပြချက်တခု ဖြစ်လာနေကြောင်းလည်း သိရပါတယ်။