ပိတ်ဆို့မှုတွေ ကြားကနေ တက်ရိပ်ပြန်ပြလာတဲ့ မြန်မာနဲ့ EU ကုန်သွယ်ရေး

ဇူလိုင် ၊ ၂၇

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဥရောပ သမဂ္ဂ (EU)ဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်တွေ၊ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှု အစီအစဉ်တွေကို သတ္တမအသုတ်အဖြစ် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

 အဲဒီ နောက်ဆုံးအကြိမ် ထုတ်ပြန်မှုအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အဓမ္မ အာဏာသိမ်းပြီး ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ)ရဲ့ လက်အောက်ခံ ဝန်ကြီးဌာန အားလုံးနီးပါးလောက်ဟာ EUရဲ့ အရေးယူ ပိတ်ဆို့မှု စက်ကွင်းက မလွတ်နိုင်တော့လောက်အောင် ဖြစ်လာပါတယ်။ စစ်ကောင်စီနဲ့ အဆက်အစပ်ရှိတဲ့ ကုမ္ပဏီ အတော်များများလည်း အထိနာကြပါတယ်။

 EUက သူတို့အနေနဲ့ မြန်မာပြည်သူလူထုအပေါ် ရက်စက် ကြမ်းကြုတ်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ တရားဝင်မှုအပေါ် အသိအမှတ် ပြုသလို ဖြစ်နိုင်တဲ့ သဘောထားနဲ့ အခြေအနေ မှန်သမျှကို ဖြတ်တောက်ထားမယ်လို့ ပြောပါတယ်။

 တဖက်မှာလည်း အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး ရည်မှန်းချက်ကို လက်ကိုင်ပြုရင်း နိုင်ငံအနှံ့မှာ တော်လှန်ရေး လှုပ်ရှားမှုတွေ ဖော်ဆောင်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကို ဝန်းရံတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အစုအဖွဲ့တွေက ပိုများလာပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ မြန်မာနဲ့ EUကြားက ကုန်သွယ်ရေးကဏ္ဍ တိုးတက်လာတဲ့ လက်တွေ့ အခြေအနေအပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာပါတယ်။ ၂၀၂၁ ခုနှစ်ကနဲ့ ယှဉ်ရင် မနှစ်တုန်းက အဲဒီ ကုန်သွယ်မှု ပမာဏမျိုးဟာ ၈၀ ရာခိုင်နှုန်း တိုးလာပါတယ်။

 နိုင်ငံရဲ့ ဒီမိုကရေစီ မီးရှူးတန်ဆောင်လို့ သတ်မှတ်ခံရသူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရကို စစ်တပ်က အာဏာသိမ်း ဖြုတ်ချခဲ့ပြီး ၂ နှစ်ကျော် ကြာမြင့်လာတဲ့နောက် မြန်မာနိုင်ငံအတွက် ထိရောက် မှန်ကန်တဲ့ အပြောင်းအလဲတွေ လက်တွေ့ လုပ်ဆောင်နိုင်ဖို့ လက်ကျန် အချိန်က အရမ်းနည်းလာပြီလို့ နိုင်ငံတကာရေးရာ သုတေသီတွေက ပြောပါတယ်။ တချို့ကလည်း ယူကရိန်း စစ်ပွဲကိုပဲ တကမ္ဘာလုံးနီးပါးက အာရုံရောက်နေတာကြောင့် မြန်မာ့ ပြည်တွင်းရေး အခြေအနေတွေက မျက်ကွယ်ပြု ခံနေရတယ်လို့ သုံးသပ်ကြပါတယ်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်း ဖြစ်စဉ်တွေအတွင်း အရပ်သား ၆၀၀၀ ထက်မနည်း သေဆုံးပြီး ဖြစ်တယ်လို့ ပြီးခဲ့တဲ့လက နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ အခြေစိုက် ငြိမ်းချမ်းရေး သုတေသန ဌာနက ထုတ်ပြန်ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်မှာ EUက မြန်မာစစ်အာဏာပိုင်တွေနဲ့ ဆက်စပ် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး အရေးယူ ပိတ်ဆို့မှု အသစ်တွေ ကြေညာလိုက်တုန်းက Justice for Myanmar အဖွဲ့က လှိုက်လှိုက်လှဲလှဲ ချီးကျူး ကြိုဆိုခဲ့ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေက နှေးကွေးပြီး အဆက်အစပ် ကင်းမဲ့နေတယ်လို့လည်း Justice for Myanmarက ထောက်ပြပါတယ်။

 “စစ်အာဏာရှင်တွေ လိုအပ်တဲ့ ငွေကြေး၊ စစ်လက်နက် အသုံးအဆောင်တွေနဲ့ နည်းပညာတွေကို ဖြတ်တောက်ဖို့အတွက် အနောက်နိုင်ငံ အစိုးရတွေနဲ့ မဟာမိတ်တွေက လက်ရှိထက် ပိုမို အားထည့် လုပ်ဆောင်ဖို့ လိုတယ်”လို့ Justice for Myanmarက သုံးသပ်ပြထားပါတယ်။

 နောက်ဆုံးထုတ်ပြန်ထားတဲ့ အရေးယူ ပိတ်ဆို့မှုဆိုင်ရာ ကြေညာချက်မှာတော့ ဥရောပ ကောင်စီက မြန်မာ စစ်အာဏာရှင်တွေရဲ့ ရပ်တည်မှုကို တရားဝင်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်စေမယ့် ထောက်ပံမှု အားလုံးကို EUက ရပ်ဆိုင်းထားမယ်လို့ ဖော်ပြထားပါတယ်။

 ဒါပေမဲ့ တချို့ လေ့လာသူတွေကတော့ မြန်မာနဲ့ EU အဖွဲ့ဝင် နိုင်ငံတွေကြား ကုန်သွယ်ရေး အရှိန်ပြန်မြင့်လာတာဟာ စစ်အာဏာရှင်ရဲ့ ရပ်တည်မှုကို အားပေးအားမြှောက်ရာ သဘောမျိုး ရောက်နေတယ်လို့ ထောက်ပြပါတယ်။ အာဏာသိမ်းလိုက်ပေမယ့် မြန်မာ စစ်တပ်ဟာ လက်နက်တင်သွင်းမှုလောက်ကလွဲလို့ EUနဲ့ ကုန်သွယ်မှု ကဏ္ဍတခုလုံးမှာ နစ်နစ်နာနာကြီး ခံစားနေရတယ် ဆိုတာမျိုး မရှိသေးဘဲ ဖြစ်နေပါတယ်။

 ၂၀၂၂ ခုနှစ်တုန်းက EU အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာနိုင်ငံကနေ ယူရို ၄.၃ ဘီလီယံ (ဒေါ်လာ ၄.၇၅ ဘီလီယံ)ဖိုးလောက်ထိ များပြားတဲ့ ကုန်စည်တွေကို တင်သွင်းခဲ့ပါတယ်။ ဒါဟာ အဲဒီမတိုင်ခင် နှစ်ကထက် ယူရို ၂.၆ ဘီလီယံ၊ တနည်းအားဖြင့် ၈၀ ရာခိုင်နှုန်းလောက် ထိုးတက်သွားတဲ့ ပမာဏ ဖြစ်တယ်လို့ ဥရောပ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဲဒီ တူညီတဲ့ ကာလ အပိုင်းအခြားအတွင်း၊ တနည်းအားဖြင့် ၂၀၂၁ ကနေ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနဲ့ အမေရိကန် ကုန်သွယ်မှုဟာ ၄ ရာခိုင်နှုန်းသာ တက်ရိပ်ပြခဲ့ပါတယ်။ ကိန်းဂဏန်းအရဆိုရင် ၂၀၂၁ ခုနှစ်မှာ ယူရို သန်း ၃၀၀ ဖိုး၊ ၂၀၂၂ ခုနှစ်မှာ ယူရို ၃၆၈ သန်းဖိုး ဖြစ်ပါတယ်။ 

နောက်ပြီး လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ ဆက်လက် အခြေစိုက်ပြီး စီးပွားရေး လုပ်နေတဲ့ ဥရောပ ကုမ္ပဏီ တချို့ဆိုရင်လည်း အခွန်အခ ထမ်းဆောင်မှုကနေတဆင့် မြန်မာ စစ်အာဏာရှင်တွေကို ငွေကြေး ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲ ခံနေရပါတယ်။

 Justice for Myanmarရဲ့ အဆိုအရ ဧပြီလထဲမှာ နယ်သာလန် အခြေစိုက် Heinekenနဲ့ ဒိန်းမတ်ပိုင် Carlsberg ယမကာ ကုမ္ပဏီကြီး နှစ်ခုဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို အခွန်ငွေ ဒေါ်လာ သန်းပေါင်း ဆယ်ဂဏန်းလောက်ထိ ပေးချေခဲ့တယ်လို့ သိရပါတယ်။

 နောက်တလမှာတော့ ဆွစ်ဇာလန် အခြေစိုက် စက်မှုစီးပွားရေး အဖွဲ့ချုပ် တခုဖြစ်တဲ့ IndustriALL Global Unionက ဥရောပ လွှတ်တော်ဆီ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး မြန်မာနဲ့ ပတ်သက်လို့ စီးပွားရေး တုံ့ပြန် အရေးယူမှု အသစ်တွေ သတ်မှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီ အဖွဲ့ချုပ်ဟာ အရင်ကလည်း မြန်မာနဲ့ ပတ်သက်လို့ EUက သတ်မှတ်ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

 “ဥရောပ ကုမ္ပဏီတွေက လုပ်ဆောင်နေသမျှ စီးပွားရေး လှုပ်ရှားမှုတိုင်းက မြန်မာနိုင်ငံထဲကို နိုင်ငံခြားငွေအဖြစ် စီးဝင်စေပါတယ်။ ဥရောပက သုံးစွဲသူတွေက မြန်မာနိုင်ငံရဲ့ ထုတ်ကုန်တွေကို ဝယ်ယူနေသ၍ စစ်တပ် အုပ်စိုးသူတွေကို သွယ်ဝိုက် ထောက်ပံ့နေတာပါပဲ”လို့ အဖွဲ့ချုပ်က ဝေဖန် ထောက်ပြခဲ့ပါတယ်။

 EUနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေးတွေ အားကောင်းနေတဲ့ ဆိုးကျိုးဟာ စစ်ကောင်စီအတွက် ဝင်ငွေရရှိအောင် အထောက်အပံ့ ဖြစ်စေရုံ တခုတည်း မကပါဘူး။ သူတို့ အာဏာသိမ်းထားပေမယ့် မြန်မာနိုင်ငံမှာ စီးပွားရေးအရ ပုံမှန် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လို့ရပါတယ်လို့ အာဘောင်အာရင်းသန်သန် ပြောဆိုနေတဲ့ စစ်ကောင်စီရဲ့ စကားတွေကိုပါ သွယ်ဝိုက် ထောက်ခံသလို ဖြစ်နေပါတယ်။ 

“မြေပြင်မှာ အနစ်နာခံ၊ စတေးခံပြီး ဆန္ဒပြနေသူတွေကို EUက ပေးချင်တဲ့ သတင်းစကားက ဘာလဲ။ EUက သူတို့ကို လုံးဝ အဖက်လုပ်မှာ မဟုတ်ဘူး ဆိုတာမျိုးလား”လို့ မြန်မာအရေး အထူးပြု လေ့လာသူ မူဝါဒရေးရာ စီးပွားရေး ပညာရှင် ခရစ္စတီးနား ခီရွန်စကာက ပြောပါတယ်။

 ၂၀၂၁ ခုနှစ် တခုလုံးမှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်ပမာဏ စုစုပေါင်း ၇ ရာခိုင်နှုန်းသာ EU အဖွဲ့ဝင် နိုင်ငံတွေ ရောက်ရှိခဲ့တယ် ဆိုပေမယ့်လည်း စစ်ကောင်စီက သူတို့ရဲ့ အုပ်ချုပ်ရေးမှာ ပုံမှန်အခြေအနေ ဖြစ်နေသလို ဖော်ဆောင်ဖို့အတွက် အဲဒီ အချက်အလက်တွေကို အမြတ်ထုတ် အသုံးချလိမ့်မယ်လို့လည်း ခီရွန်စကာက ဆိုပါတယ်။

 NUGရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်ကတော့ ပိုပြီး သံတမန်ဆန်တဲ့ အပြောအဆိုမျိုးနဲ့ ဒီကိစ္စအပေါ် ချဉ်းကပ်ခဲ့ပုံပါပဲ။ ချက်ဟာ NUGရဲ့ နိုင်ငံရပ်ခြား ရုံးခွဲဖွင့်လှစ်မှုကို ပထမဆုံး လက်ခံခဲ့တဲ့ EU အဖွဲ့ဝင် နိုင်ငံတွေထဲက တခုပါ။ 

“EUက လုပ်ဆောင်နေတဲ့ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒါမျိုးတွေ နောက်ထပ် နောက်ထပ် လုပ်ဆောင်ဖို့တော့ လိုပါတယ်”လို့ ဦးလင်းသန့်က DWကို မှတ်ချက် ပေးခဲ့ပါတယ်။

 NUGရဲ့ အရေးအကြီးဆုံး ရည်မှန်းချက်တွေထဲက တခုက စစ်ကောင်စီ ရရှိနေတဲ့ ဝင်ငွေနဲ့ အခွန်အခတွေကို ပြည်တွင်းရော၊ ပြည်ပ ကုန်သွယ်မှုတွေမှာပါ ဖြတ်တောက်ပစ်ဖို့ ဖြစ်ပါတယ်။ “အဲဒီ ဝင်ငွေတွေဟာ စစ်ခေါင်းဆောင်တွေက နိုင်ငံကို ဖျက်ဆီးနေတဲ့ လုပ်ရပ်မှာ တိုက်ရိုက် အထောက်အပံ့ ဖြစ်စေတယ်လေ”လို့ ဦးလင်းသန့်က ပြောပါတယ်။

 “ပြည်တွင်း သယံဇာတတွေကို တာဝန်မဲ့တဲ့ လုပ်ရပ်မျိုးနဲ့ အလွန်အကျွံ ရယူတာမျိုးကို ဟန့်တားဖို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်ထွက်လာရေး တွန်းအားပေးဖို့လည်း ကျွန်တော်တို့ ရည်ရွယ်ထားတယ်”လို့ သူက ဆိုတယ်။ ဒါပေမဲ့ အဲဒီလို ကာကွယ် တားဆီးမှုမျိုးကို တာဝန်ခံဖို့ EUရဲ့ ကုန်သွယ်ရေး မူဝါဒ အပြောင်းအလဲတွေက ဘယ်လို အဓိပ္ပါယ် သတ်မှတ်ပေးမလဲ ဆိုတာက ဖြေရခက်တဲ့ မေးခွန်း ဖြစ်နေတယ်။ 

“စစ်ကောင်စီနဲ့ စစ်တပ်ပိုင် ကော်ပိုရေးရှင်းတွေရဲ့ ငွေကြေးစီးဝင်မှု လမ်းကြောင်းတွေကို အရမ်းကျပ်တည်းသွားအောင် ချုပ်ကိုင်လိုက်မယ် ဆိုရင်တောင်မှ ပြည်သူတွေရဲ့ အလုပ်အကိုင် တည်မြဲရေးကို ဆက်လက် ကူညီပေးထားနိုင်ဖို့ အရမ်းအရေးကြီးတယ်။ အထူးသဖြင့် အထည်ချုပ် လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ အမျိုးသမီးထုကြီးပေါ့”လို့ ဝါရှင်တန် အခြေစိုက် အမျိုးသား စစ်ရေးကောလိပ်ရဲ့ ပရော်ဖက်ဆာ ဇက်ချရီ အဘူဇာက ပြောပါတယ်။

 EUရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ရာနေရီ ဆာဘက်တူဆီက မြန်မာနိုင်ငံမှာ လူပေါင်း ၇ သိန်းလောက်ဟာ ပြည်ပကို တင်ပို့မယ့် အထည်ချုပ် လုပ်ငန်းတွေအပေါ် အလုပ်အကိုင် ကဏ္ဍအတွက် မှီခိုနေရတယ်လို့ DWကို ပြောပြပါတယ်။ အဲဒီထဲကမှ အလုပ်အကိုင်နေရာပေါင်း ၃၇၀၀၀၀ လောက်ဟာ EU နိုင်ငံတွေရဲ့ မှာယူတင်သွင်းမှုကြောင့် တည်မြဲနေတာလို့ သူက ဆိုတယ်။ အဲဒီ အထည်ချုပ် လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ စုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံကျော်ဟာ ငယ်ရွယ်တဲ့ ရွှေ့ပြောင်း အခြေချသူ မိန်းကလေးငယ်တွေလို့ ဆာဘက်တူဆီက ဆက်ပြောတယ်။

 “အဲဒီတော့ ပြောရမယ်ဆိုရင် မိသားစုပေါင်း သိန်းဂဏန်း တချို့လောက်ပေါ့၊ အများစုက ကျေးလက်ဒေသတွေမှာ နေထိုင်ကြသူတွေဟာ အဲဒီ ဝင်ငွေတွေကို မှီခိုနေရတယ်။ အဲဒီ မိသားစုဝင်တွေထဲမှာ ကလေးပေါင်း ၅ သိန်းလောက် ပါဝင်လိမ့်မယ်လို့ ယုံကြည်ရတယ်”လို့ သူက ရှင်းပြတယ်။ တကယ်လို့သာ သူတို့တွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ မှီခိုနေရတဲ့ အလုပ်နေရာတွေ ပျောက်ကွယ်သွားမယ်ဆိုရင် ကြုံလာမယ့် အရှုပ်အထွေးတွေက စဉ်းစားကြည့်ဖို့တောင် မလွယ်ကြောင်း၊ EUအနေနဲ့ မြန်မာနိုင်ငံအတွက် ဘယ်လို မူဝါဒမျိုး ချမှတ်သည်ဖြစ်စေ၊ အဲဒီ အလုပ်အကိုင် နေရာတွေကို ကူညီ ကာကွယ်ပေးနိုင်ဖို့လိုကြောင်း ဆာဘက်တူဆီက သတိပေးခဲ့ပါတယ်။

 မြန်မာနိုင်ငံမှာ ပို့ကုန် အများစုအတွက် အခွန်အခ သတ်မှတ်ချက် မရှိပါဘူး။ EU စျေးကွက်ထဲ တင်ပို့တဲ့ ကုန်စည်တွေနဲ့ ပတ်သက်လို့ ပြည်တွင်း အခွန်အခ ပေးဆောင်မှုကလည်း အတော်နည်းပါတယ်။ မန်နေဂျာ အဆင့်ထက် နိမ့်တဲ့ ဝန်ထမ်းနဲ့ အလုပ်သမား အားလုံးနီးပါးဟာလည်း အခွန်ဆောင်နိုင်လောက်တဲ့ ဝင်ငွေပမာဏထက် ပိုနည်းပြီး ရရှိခံစားနေကြရသူတွေလို့ ဆာဘက်တူဆီက ဆက်ပြောပါတယ်။

 လိုရင်းကို ပြောရရင်တော့ အထည်ချုပ် လုပ်ငန်းလိုမျိုး ပို့ကုန် ကဏ္ဍတွေမှာ စစ်တပ်က ရရှိနေတဲ့ ဝင်ငွေဟာ သူတို့ အဓိက မှီခိုတဲ့ စွမ်းအင်ကဏ္ဍလို အရင်းအမြစ်တွေနဲ့ ယှဉ်ရင် အများကြီး ပိုနည်းပါတယ်။ EUက စွမ်းအင် တင်ပို့မှု အပိုင်းမှာတော့ မြန်မာ စစ်ကောင်စီအပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

 တချို့ လေ့လာသူတွေကတော့ အခွန်အခ ရရှိသမျှ ငွေကြေးအားလုံးဟာ စစ်ဗိုလ်ချုပ်တွေရဲ့ အိတ်ကပ်ထဲ၊ ဒါမှမဟုတ် ပြည်သူလူထုကို ဖိနှိပ်ညှင်းပန်းနေတဲ့ စနစ်နဲ့ ယန္တရားတွေထဲ ရောက်သွားတာ မဟုတ်ဘူးလို့ ဆိုတယ်။

 ဘာပဲဖြစ်ဖြစ် EU အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ထိထိရောက်ရောက် ပေါ်ထွန်းလာစေဖို့ လက်ရှိထက် ထိထိရောက်ရောက် လုပ်ဆောင်သင့်ပြီဆိုတဲ့ ခံစားချက်ကတော့ နေရာအနှံ့မှာ ပိုမိုပျံ့နှံ့ အားကောင်းလာနေပါတယ်။

 ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကတော့ နိုင်ငံတကာ အသိုက်အဝန်းဟာ ပိုပြီး ထင်ရှားမြင်သာတဲ့ နည်းလမ်းတွေကနေ ခြေလှမ်းသစ်တွေ စတင်ပြီး စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေကို ကူညီ အားပေးသင့်နေပြီလို့ ပြောပါတယ်။ “ဟုတ်တာပေါ့။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း သဘောထား ပြသမှုတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို စိုးရိမ်ပြနေရုံနဲ့ ပြည်သူတွေက ရှင်သန်ရပ်တည်နိုင်မှာ မဟုတ်ဘူး။ သူတို့အတွက် ထိရောက်တဲ့ အကူအညီတွေ၊ ပံ့ပိုးမှုတွေ လိုပါတယ်”လို့ အန်ဒရူးစ်က ပြောကြားသွားပါတယ်။

 (DWတွင် ဖော်ပြထားသည့် EU imports from Myanmar surge despite sanctions ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)