သံဖြူဇရပ်မှာ ပြည်သူ့စစ်ကို ဓားနဲ့ခုတ်တဲ့အမျိုးသား ပစ်ခတ်ခံရလို့ သေဆုံး

ဇူလိုင်၊ ၂၈
 
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှာ မနေ့ကညပိုင်းက ပြည်သူ့စစ် အဖွဲ့ဝင်တဦးကို ဓားနဲ့ခုတ်ခဲ့တဲ့ အမျိုးသားကို စစ်ကောင်စီလက်အောက်ခံ ရဲတဦးက ပစ်ခတ်လိုက်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ သူက နည်းနည်းတော့ မူးနေတာပေါ့၊ အဲ့ဒါ လမ်းမှာ ဒီလိုပဲ နည်းနည်းရမ်းနေတာကို ပြည်သူ့စစ်အဖွဲ့ဝင်တဦးက လာတားတာကို ဓါးနဲ့ ခုတ်လိုက်တယ်လေ၊ အဲဒါ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာတာ ထပ်ချဖို့လုပ်တာ ဟိုက သေနတ်နဲ့ပစ်လိုက်တာ သေသွားတယ် ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ကော့ထော်ပိုင်းမှာ မနေ့က ညပိုင်းက အသက် (၃၅)နှစ်အရွယ် ဒေသခံအမျိုးသားတဦးဖြစ်တဲ့ အဘိုင် (ခ) တုတ်ပေါ် ဆိုသူဟာ မူးယစ်ကာ ဓားကိုင်ရမ်းကားနေချိန် လာရောက်ထိန်းသိမ်းတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ကို ဓားနဲ့ခုတ်ခဲ့တာလို့ ဆိုပါတယ်။
 
အဲ့ဒီလို ဓားခုတ်တုံ့ပြန်တာကြောင့် စစ်ကောင်စီလက်အောက်ခံတွေက သေနတ်နဲ့ ပစ်ခတ်ရာမှာ အဘိုင် (ခ) တုတ်ပေါ် ဆိုသူဟာ ရင်ဘတ် ကျည်ဖောင်ထွင်းဒဏ်ရာ နှစ်ချက်နဲ့ ဆေးရုံကိုပို့ချိန် လမ်းမှာ သေဆုံးသွားတာလို့ သိရပါတယ်။
 
“ သေသွားတဲ့သူက အဲလောက်ထိ မူးယစ်ရမ်းကားနေတာတော့ မဟုတ်ဘူး၊ အခုလည်း ဘာပြဿနာဖြစ်မှန်း မသိဘူး၊ စိတ်တိုပြီး လုပ်မိရာ လုပ်လိုက်မိတာ ထင်တယ် ” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
ဓါးနဲ့ တိုက်ခိုက်ခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ကတော့ နဖူးစပ် ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ၊ နားရွက်နောက် ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တာကြောင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။
 
“ ဒဏ်ရာက များတယ်၊ ဆေးရုံမှာပဲ ဆေးကုနေတယ်လေ၊ မသေသေးဘူးပြောတယ် ” လို့ အထက်ပါဒေသခံက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ မှာ အမျိုးသားတဦး ဓါးကိုင်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို ရန်မူနေတယ်လို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ​ – Social Media