ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရ

ဇူလိုင်၊ ၂၈
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီကနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရသွားတယ်လို့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ABSDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
” တယောက်က RPG နားမှာ စစ်ကောင်စီက စက်လက်နဲ့ ကောင်တာပြန်လိုက်တော့ ထိသွားတာ၊ နောက်တယောက်က ကိုယ့်လက်နက်ကိုယ် error တတ်ပြီး ထိတာ ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
ကျိုက်ထိုမြို့နယ်မြောက်ပိုင်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်းပေါ်မှာရှိတဲ့ မုပ္ပလင်ရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာက နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
 
အဲ့ဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲ စုစုပေါင်း အင်အားငါးဆယ်ကျော်ရှိပြီး ဒီကနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုတွေ ရှိပေမယ့် အသေးစိတ်အခြေအနေတော့ မသိရသေးဘူးလို့ ABSDF တာဝန်ရှိသူက ပြောပါတယ်။
 
“ အဲ့ဂိတ်က ကျွန်တော်တို့ သွားတိုက်နေကျ၊ သူတို့ဖက်လည်း ထိခိုက်တာ ရှိတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူနဲ့ သေဆုံးတဲ့ သူတွေကို ဟွန်ဒါဖစ် နှစ်စီးနဲ့ သယ်သွားတယ်လို့ သိရတယ် ” လို့ သူကပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း တို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး လတ်တလောမှာလည်း နှစ်ဖက်တပ်တွေ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်နေကြပါတယ်။
 
မုပ္ပလင်ကျေးရွာက စစ်ကောင်စီစစ်ဆေးရေးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကလည်း အဲ့ဒီဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦး သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က ထုတ်ပြန်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Google