ဇူလိုင်၊ ၂၈
အမျိုးသားညီညွတ်ရေးအစိုးရ NUG က နွေဦးဖွံဖြိုးရေးဘဏ်ကို စမ်းသပ်ကာလအဖြစ် စတင်တည်ထောင်ခဲ့ပြီး နောက်လေးရက်အတွင်း ဘဏ်စာရင်းဖွင့်သူ သောင်းဂဏန်းအထိ ရှိလာတယ်လို့ NUG ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က DNA ကိုပြောပါတယ်။
“ ဒီဘဏ်နဲ့ပတ်သက်တဲ့ ယုံကြည်မှုပေါ့လေ၊ မူလကတည်းကလည်း ပြည်သူကို ကျွန်တော်တို့ ယုံကြည်ပြီးသား ဖြစ်ပါတယ်၊ တကယ်တမ်း လက်တွေ့မှာလည်း ပြည်သူက အဲ့ဒီယုံကြည်မှုကို အလုပ်နဲ့ သက်သေပြပြီးတော့ တကယ်လည်း ကျွန်တော်တို့တော်လှန်ရေးကို အတူတကွ ဆင်နွှဲနေတာ တွေ့ရတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်၊ ဂုဏ်လည်းဂုဏ်ယူပါတယ် ” လို့ သူကပြောပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ်ကို စတင်တည်ထောင်လည်ပတ်ချိန်မှာ ကနဦးစမ်းသပ်ကာလအဖြစ် ဘဏ်စာရင်းဖွင့်သူ တထောင်သာ သတ်မှတ်လည်ပတ်မယ်လို့ ကြိုတင်ကြေညာခဲ့ပေမယ့် နာရီပိုင်းအတွင်း လူတထောင်ပြည့်ခဲ့သလို လေးရက်အတွင်းမှာ စာရင်းဖွင့်သူ ၂၁၀၀၀ ကျော်လောက် ရှိနေတာလို့ ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောပါတယ်။
ဒါ့အပြင် စာရင်းဖွင့်ဖို့အတွက် စောင့်ဆိုင်းစာရင်းပေးထားသူလည်း နှစ်သောင်းလောက် ထပ်ရှိနေပြီး ဘဏ်တာဝန်ရှိသူတွေက ဆက်လက် လက်ခံစာရင်းဖွင့်ပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိဘဏ်စာရင်းဖွင့်သူတွေထဲမှာ ငွေအပ်နှံသူတွေလည်း ရှိနေပြီဖြစ်ပြီး လေးရက်တာကာလအတွင်း ငွေကြေး ထည့်ဝင်အပ်နှံမှုတန်ဖိုး ကျပ်သိန်းငါးထောင်လောက် ရှိနေပြီလို့လည်း သူကဆက်ပြောပါတယ်။
“ ဒါက တဖြည်းဖြည်း တိုးလာဖို့ပဲ ရှိပါတယ်၊ အပြည့်အဝလုပ်မယ်ဆိုရင် ပြည်သူတွေက ဒီထက်ပိုပြီးတော့ ပုံအောပြီး အပ်နှံလာနိုင်တဲ့ အနေအထားကိုတော့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်၊ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ ကြိုးစားပြီးတော့ ပြည်သူနဲ့အတူ ဆောင်ရွက်သွားပါမယ် ” လို့ ဦးတင်ထွန်းနိုင်က ဆိုပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank)ကို အခုလ ၂၂ရက်မှာ စတင်စမ်းသပ်လည်ပတ်ခဲ့တာဖြစ်ပြီး ကနဦးမှာ စမ်းသပ်ကာလကို တလလို့ သတ်မှတ်ခဲ့ပေမယ့် အပြည့်အဝဝန်ဆောင်မှု ပေးနိုင်တဲ့ အနေအထားရှိတာနဲ့ တလအထိ မစောင့်ဆိုင်းဘဲ အပြည့်အဝဝန်ဆောင်မှု ပေးမှာဖြစ်တယ်လို့ NUG ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။
နွေဦးဖွံဖြိုးရေးဘဏ်ကို ပထမခြောက်လအတွင်း ဘဏ်အကောင့်ဖွင့်လှစ်အသုံးပြုသူ တသိန်းအထိ ရှိဖို့ မျှော်မှန်းထားပြီး နောက်ခြောက်လအကြာမှာတော့ အသုံးပြုသူ ငါးသိန်းအထိ ရှိလာဖို့ ရည်ရွယ်ထားတယ်လို့ ဘဏ်ရဲ့ စီမံခန့်ခွဲမှု အမှုဆောင်အရာရှိ ဦးကယ်လ်ဗင်က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
အဲ့ဒီဘဏ်မှာ NUG အစိုးရအဖွဲ့က မတည်ရင်းနှီးငွေ ကန်ဒေါ်လာ တသန်းအထိ ထည့်ဝင်ဖို့ အတည်ပြုထားပြီး ကနဦးအနေနဲ့ ဒေါ်လာငါးသိန်း အနည်းဆုံး မတည်ဖို့ ရှိတယ်လို့ ဘဏ်တည်ထောင်မှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘဏ်တာဝန်ရှိသူတွေက ပြောထားပါတယ်။
နွေဦးဖွံဖြိုးရေးဘဏ်ကို နိုင်ငံခြားငွေတွေ အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်တွေဆီ ငွေကြေး စီးဝင်တာ ရပ်တန့်စေဖို့နဲ့ တော်လှန်ရေးအတွက် ဘဏ္ဍာငွေရှာဖွေတာ၊ အခွန်ကောက်ခံတာတွေ လုပ်ဆောင်နိုင်ဖို့ အဓိကရည်ရွယ်ပြီး ထူထောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဘဏ်မှာ ပဏာမအဆင့်အနေနဲ့ မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနဲ့ ထိုင်းဘတ်ငွေတွေ အပ်နှံတာ၊ ငွေကြေးလဲလှယ်တာ၊ ငွေလွှဲတာ၊ ရွှေဝယ်စုတာ၊ Master/Visa ကဒ် အသုံးပြုပြီး ငွေသွင်းငွေထုတ် လုပ်နိုင်တာတွေအပြင် တော်လှန်ရေးအတွက် NUG က ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေ၊ စစ်အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေ လေလံတင်ရောင်းချတာကိုလည်း အဲဒီဘဏ်ကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ကတော့ စတာလင်ပေါင်၊ ယူရို၊ ဝမ်၊ ယန်း စတဲ့ ငွေကြေးတွေကိုပါ အသုံးပြုနိုင်အောင် စီစဉ်ထားပြီး ကုန်သွယ်မှုအတွက် ငွေပေးချေတာ၊ နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်တာ၊ ချေးငွေထုတ်ချေးတာ၊ NUG ကနေ ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ်တွေကို တခြားပစ္စည်းတွေနဲ့ လဲလှယ်တာတွေကိုပါ အဲဒီဘဏ်ကနေတဆင့် လုပ်ဆောင်နိုင်အောင် ရည်ရွယ်ပြင်ဆင်နေတယ်လို့ ဘဏ်တာဝန်ရှိသူတွေက ဆိုထားပါတယ်။
“ ပြည်သူကို ကျွန်တော်တို့ဘက်ကနေပြီးတော့ လက်ရှိဘဏ်လုပ်ငန်းတွေက မပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုး လုံခြုံမှုမျိုး ဒါမျိုးကို ကျွန်တော်တို့ ပေးဖို့ရည်ရွယ်တယ် ” လို့ NUG စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က နွေဦးဘဏ်တည်ထောင်မှုနဲ့ပတ်သက်လို့ DNA ကိုပြောပါတယ်။