ကျိုက်စကော အကျဉ်းထောင်က ခေါ်ထုတ်ပြီး အသတ်ခံရတဲ့ နိုင်/ကျဉ်း ၁၂ ဦးအထိရှိလာ

ဇူလိုင်၊ ၂၈

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင်ကနေတဆင့် ထောင်အပြင်ကို ခေါ်ထုတ်ပြီး အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအထိ ရှိလာပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက DNA ကိုပြောပါတယ်။
 
“ ကျိုက်စကော အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား အခုလောလောဆယ် ကျနော်တို့ အတည်ပြုနိုင်တာက ဆယ်ဦး၊ ထပ်မံအတည်ပြုနေတာက နှစ်ဦး ရှိတာပေါ့။ ဒါပေမယ့် ၁၂ ဦးစလုံးက သေဆုံးတာ မှန်ကန်ပါတယ် ” လို့ ကိုသိုက်ထွန်းဦး က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်မှာ ကျိုက်စကောအကျဉ်းထောင်ရှိ အဆောင်(၁) နဲ့ အဆောင်(၂) မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကို ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ထောင်ဝန်ထမ်းတွေက ညသန်းခေါင်ယံ အချိန်မှ ခေါ်ဆောင်သွားသူတွေအနက် ၁၂ ဦးဟာ သေဆုံးသွားခဲ့တာပါ။
 
နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုခန့်လင်းနိုင်၊ ကိုပြည်ဖြိုးဟိန်း၊ ကိုရာလေး၊ ကိုဂျာကြီး၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်း၊ ကိုအာကာထက်ပိုင်မျိုး၊ ကိုအေးကိို၊ ကိုမင်းမျိုး၊ ကိုဇီလောင်နဲ့ ကိုမင်းဘုန်းမဟာတို့ သတ်ဖြတ်ခံရလို့ သေဆုံးခဲ့တာပါ။
 
ဒါ့အပြင် ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား ၂၅ ဦးရဲ့ အခြေအနေကိုလည်း မသိရသေးဘူးလို့ သူကဆိုပါတယ်။
 
သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ပြောင်းရွေ့စဉ် ထွက်ပြေးရန် ကြိုးပမ်းတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရင် သေဆုံးခဲ့တာလို့ မိသားစုဝင်တွေဆီကို စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနက အကြောင်းကြားစာတွေ ပို့ပေးခဲ့တာပါ။
 
ကျိုက်စကောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကို ထောင်အပြင်ခေါ်ထုတ်ခဲ့တာကဟာ ဇူလိုင်လ ၂၇ ရက်မှာ တလတင်းတင်း ပြည့်မြောက်ခဲ့ပြီးဖြစ်သလို အဲဒီဖြစ်စဉ်မှာ ပါဝင်ခဲ့သူ၊ စေခိုင်းသူ ကျူးလွန်သူ တွေကို ပြန်လည်တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်က တလပြည့် သဘောထားအဖြစ် ထုတ်ပြန်ထားပါတယ်။
 
“ လက်ရှိမှာ ကျူးလွန်ခံခဲ့ရသူတွေရဲ့ ဒေတာတွေကို စာရင်းပြုစုပြီး ကျနော်တို့ကွန်ရက်ရဲ့ ဥပဒေအကြံပေး ရှေ့နေအဖွဲ့နဲ့ ပူးပေါင်းပြီး အမှုတည်ဆောက်နိုင်အောင် ပြင်ဆင်လျက်ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးထံကို တရားလိုအနေနဲ့ လျှောက်ထားဖို့ ရှိတယ် ” လို့ ကိုသိုက်ထွန်းဦး က ဆိုပါတယ်။
 
နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ စစ်ကောင်စီရဲ့ စစ်သား၊ ရဲ၊ အကျဉ်းဦးစီးဝန်ထမ်း တို့ရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဌာန အပါအဝင် တရားရေးဝန်ကြီးဌာန ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂလူအခွင့်အရေးရုံး တွေကလည်း ထိထိရောက်ရောက် ဖိအားပေးတာ တားမြစ်တာတွေ လုပ်ဆောင်သင့်တယ်လို့ သူကဆိုပါတယ်။
 
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေသေဆုံးတာ ၃,၈၄၈ ဦး ရှိပြီး ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁,၂၈၄ ဦး ရှိတယ်လို့လည်း ဇွန်လ ၃၁ ရက်က နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – Google